Wednesday, May 30, 2012

မွေးနေ့


တကယ်တော့ မွေးနေ့ဆိုတာ ကိုယ်ရွေးချယ်ခွင့်မရခဲ့တဲ့ နေ့။ ကိုယ်ကမွေးတဲ့နေ့ မဟုတ်ပဲ ကိုယ်က အမွေးခံရတဲ့ နေ့ပါ။ ဒီတော့ ဘဝမှာ ကိုယ်ဖြစ်ချင်တာပဲ လုပ်မယ်ဆိုတဲ့ လူတွေမှာတောင် မွေးနေ့ကိုတော့ ကိုယ်ဖြစ်ချင်တဲ့ရက် ဖြစ်အောင် လုပ်လို့ မရနိုင်ပါဘူး။ မွေးနေ့ဆိုတာ နှစ်ရက်မရှိနိုင်သလို ပြောင်းလဲပစ်လို့လည်း မရနိုင်ပါဘူး။ ဒါကြောင့် မွေးနေ့ဆိုတဲ့ နေ့တစ်နေ့ဟာ လူတော်တော်များများအတွက် အရေးပါပြီး အခမ်းအနားရယ်လို့ ကျင်းပရမယ့်နေ့ ဖြစ်လာတယ်လို့ ယူဆရပါသည်။

မြန်မာတို့ရဲ့  လောကီမင်္ဂလာ ၁၂ပါးမှာ ပဋိသန္ဓေ ချိန်ခါစေ့ရောက်လို့ အောင်မြင်စွာ ဖွားမြောက် လာရခြင်းကို “ဝိဇာတမင်္ဂလာ” လို့ခေါ်ဆိုထားပါသည်။ ထို ဝိဇာတမင်္ဂလာကို မွေးနေ့မင်္ဂလာ သို့မဟုတ် Happy Birth Day ဟု အနောက်တိုင်း ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော မွေးစားစကားလုံးမှ ဖြစ်ထွန်းပေါ်ပေါက်လာပြီး ယနေ့ခေါ်တွင်နေခဲ့ပါသည်။ 

မနုဿတ္တဘာဝ၊ ဒုလ္လဘ တရားအရ လူ့ဘဝသည်  ရခဲသည်ဖြစ်ပေရာ လူ့လောကသို့ ရောက်ရှိလာသော နေ့ကို မွေးနေ့ မွေးရက်အဖြစ် အထွတ်အမြတ်ထားကြခြင်း ဖြစ်သည်။ မွေးနေ့များတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ ဂုဏ်တော် ပုတီးစိပ်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ ငါးကလေး ငှက်ကလေးများ လွှတ်ခြင်း၊ အစာကျွေးခြင်း စသော ကောင်းမှုကုသိုလ်များ ပြုလုပ်၍ အသက်ရှည်ရာ အနာမဲ့ကြောင်း လမ်းကြောင်းကို ဆက်ပေးလေ့ရှိကြသည်။ 

တစ်ချို့ က မွေးနေ့ကို ပျော်ရွှင်စရာဟု ယူဆသလို တစ်ချို့ က သေခြင်းတရားနှင့် ပို၍နီးကပ်လာပြီဟု သံဝေဂပွားတတ်ကြပြန်သည်။ တစ်ချို့ က မွေးနေ့သည် ဘဝတွင်အရေးပါလှသည်ဟု ထင်မြင်ကြပေမယ့် တစ်ချို့ က မိမိမွေးနေ့ ဘယ်နေ့မှန်းမသိပဲ သေသွားကြရ ပါသည်။ 

မွေးနေ့ဟူသည် လူတစ်ဦးလျှင် တစ်နေ့သာ ရှိသော်လည်း မည်သူမဆို အသက်ရှည်လျှင် ရှည်သလောက် တစ်နှစ်တစ်ကြိမ် မွေးနေ့အထိမ်းအမှတ် ရှိနိုင်သည်။ ပွဲကျင်းပခြင်း မကျင်းပခြင်းမှာ တစ်ဦးချင်းဆိုင်ရာကိစ္စဖြစ်သည်။ ထူးဆန်းသောအချက်မှာ အမှန်တကယ် မွေးဖွားသောနေ့တွင် ပွဲကျင်းပပြီး အထိမ်းအမှတ် ပြုလုပ်ခြင်း မရှိပဲ တစ်နှစ်ပြည့်သော နေ့မှသာ စတင်ပြုလုပ် ကြခြင်း ဖြစ်သည်။ ယင်း၏ အဓိပ္ပာယ်ကပင် အသက်ရှင်နေထိုင်နိုင်မှသာ မွေးနေ့ရယ်လို့ ရှိလာနိုင်ခြင်း ဖြစ်တော့သည်။ သို့သော် အထင်ကရပုဂ္ဂိုလ်ကြီးများ၊ စာဆိုတော်ကြီးများအတွက်မူ မှိုင်းရာပြည့်၊ ဇော်ဂျီရာပြည့်၊ မဟာဆွေရာပြည့် စသည်ဖြင့် ကွယ်လွန်သွားကြပေမယ့် တပည့်သားသမီးများက အမျိုးသားစာဆိုတော် အနုပညာရှင်ကြီးများကို ဂုဏ်ပြုရင်း မွေးနေ့ပွဲများ ဆက်လက် ပြုလုပ်ပေးလျက်ရှိပါသည်။ 

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးတစ်ယောက်အတွက် မွေးနေ့သည် ရှိခဲ့သလို သေနေ့သည်လည်း ရှိပေဦးမည်။ မွေးနေ့ပွဲများကို ကာယကံရှင် ကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်သော်ငြား သေနေ့အထိမ်းအမှတ်ပွဲများဖြစ်သော  ခုနစ်ရက်လည်၊ လပတ်လည်၊ နှစ်ပတ်လည် စတဲ့ပွဲများကိုတော့ ကာယကံရှင်ကိုယ်တိုင် မတက်ရောက်နိုင်တော့ပေ။ 

အူဝဲ ဟုငိုသံလေးပေးပြီး အမိဝမ်းမှ ကျွတ်ထွက်လာကာ လောကအလယ် ရောက်ရှိလာသည့် လူသားတစ်ဦး၏ ကြွေးကြော်သံကို ကြားရသည့်အခါတိုင်း အမြတ်တနိုးနှင့် လူသားအသစ်ကလေးများကို ဝမ်းသာအားရ ကြိုဆိုကြသည်။ မင်္ဂလာရှိသောမွေးနေ့လေးများဟုပင် သတ်မှတ်ကြသည်။ လူ့လောကသို့ စတင်ရောက်ရှိသောနေ့ကို မွေးနေ့ဟု လက်ခံပြီး မင်္ဂလာရှိသောနေ့ဟု သတ်မှတ်ကြသော်လည်း လူ့လောက၏ နောက်ဆုံးနေ့ကို သေဆုံးခြင်းနေ့ဟု သတ်မှတ်ကာ      အ မင်္ဂလာနေ့ ဟုယူဆ၍ မည်သူကမျှ မလိုချင်ကြပေ။ တကယ်တော့ ငိုခြင်းလမ်း၏ အစနှင့် ငိုခြင်းလမ်း၏ အဆုံးမို့ အစနှင့် အဆုံးသာကွာခြားပြီး တစ်လမ်းတည်းပင်ဖြစ်သည်။ မွေးဖွားလို့ သေဆုံးကြရခြင်းလော၊ သေဆုံးဖို့ မွေးဖွားလာရခြင်းလော ဘယ်ဟာက အမှန်တရားဖြစ်ပါသနည်း။ 

အမှန်တရားသည် ကျွန်တော့်ကို ချမ်းအေးတဲ့ ဆောင်းတနေ့မှာ မွေးခဲ့ခြင်းပင်ဖြစ်သည်။ ဒီဇင်ဘာ မြူနှင်းမှုန်တွေကြား လူလားမြောက်ခဲ့ရသူ ဖြစ်သည်။ ကျွန်တော်သည် မွေးနေ့ဟူသော ဝေါဟာရနှင့် အဓိပ္ပာယ်ကို ဆယ့်နှစ်နှစ်သား အရွယ်လောက်မှ စတင် အကျွမ်းတဝင် ရင်းနှီးလာခဲ့ရပါသည်။ ကျွန်တော့် မိဘများသည် ကျွန်တော့်ထက် အငယ်ဖြစ်သော ညီမလေး၏ မွေးနေ့ကိုသာ ပွဲတွေလုပ်ပေးလေ့ရှိသည်။ ကျွန်တော့်အား မွေးနေ့ပွဲ မပြောနှင့် မွေးနေ့လက်ဆောင်ဟူ၍ ပင် မှတ်မှတ်ရရ ဝယ်ပေးဖူးခြင်း မရှိပေ။ ကျွန်တော်သည် အလွန်ကျင်းပချင်စဖွယ်ကောင်းသော ဒီဇင်ဘာရဲ့  ဆောင်းည မွေးနေ့ပါတီပွဲများကို သူ့အလိုလို ကုန်ဆုံးပစ်ခဲ့ရသည်။ နှမြောရကောင်းမှန်းမသိခဲ့။ ခြောက်တန်းနှစ်ရောက်မှ သူငယ်ချင်းနှစ်ယောက် သုံးယောက်လောက်ကို ရခိုင်မုန့်တီ ဝယ်တိုက်ရင်းဖြင့် မွေးနေ့ပွဲဆိုသော စကားလုံးကို သုံးစွဲရတော့၏။ 

ထိုနှစ်မှစ၍ ကျွန်တော့် မွေးနေ့ပွဲများကို နှစ်စဉ် အမှတ်တရ တစ်ခုခုဖြင့် ကျင်းပနိုင်ခဲ့ပါတော့သည်။ သူငယ်ချင်းများကို မုန့်လိုက်ကျွေးခြင်းဖြင့်လည်းကောင်း၊ မိသားစု ဆွေမျိုးများကို မုန့်ဟင်းခါးဖြစ်စေ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ တစ်ခုခု ချက်ကျွေးခြင်းဖြင့်လည်းကောင်း ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရား စတဲ့ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြှော် ရှိခိုးခြင်းဖြင့်လည်းကောင်း မွေးနေ့၌ အမှတ်တရ တစ်ခုခု ပြုလုပ်ဖြစ်ခဲ့ပါသည်။ သို့သော် ထိုမွေးနေ့ပွဲများအတွက် ကုန်ကျစရိတ် ကိုတော့ မိဘများထံမှ ရယူခဲ့ရပါသည်။ ကျွန်တော့်တွင် ဝင်ငွေမရှိသေးပါ။ 

ကျွန်တော့်ဝင်ငွေဖြင့် ပထမဆုံးပြုလုပ်ခွင့်ရသော မွေးနေ့မှာ ၂၀၀၇ခုနှစ်ကဖြစ်သည်။ ထိုအချိန် ကျွန်တော်သည် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီဖြစ်သည်။ ကျွန်တော့်လုပ်ခ လစာများကို မိဘများထံပေးပို့၍ ကျွန်တော်တို့အိမ်ဘေးရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ တရားစခန်းဝင် ယောဂီတွေနဲ့ ကျောင်းတိုက်ရှိသံဃာတော်များ စုစုပေါင်းလူ ၃၀၀ကျော်ကို အာရုဏ်ဆွမ်းများ ကပ်လှူပေးခဲ့ကြသည်။ ထိုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာတရားခန်းပွဲ၌ ကျွန်တော့်မွေးနေ့အတွက် အမြဲတမ်းအလှူရက်တစ်ရက် ယူ၍ ပြုလုပ်ပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ 

ကျွန်တော်သည်မွေးနေ့ရောက်လျှင် လွန်စွာပျော်သည်။ ပွဲတစ်ပွဲလုပ်၍ အမှတ်တရကျင်းပဖြစ်သည်။ စင်ကာပူမှာ ရှိနေစဉ်ကလည်း သူငယ်ချင်းများနှင့် မွေးနေ့ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲဖြစ်သည်။ ချက်ပြုတ်စားသောက်ကြသည်။ အတူနေ သူငယ်ချင်းများက ဝိုင်းကူကြသည်။ ဈေးဝယ်သူကဝယ်၊ ချက်ပြုတ်သူကချက်ပြုတ်နဲ့ တကယ့်ကို ရင်ထဲကခင်သော သူငယ်ချင်းကောင်းများ ပီသစွာ ကျွန်တော့်မွေးနေ့ပွဲများကို စီစဉ်ပေးကြသည်။ အရသာရှိသော စားသောက်ဖွယ်ရာများကို စားကြရင်း ဂစ်တာတီး သီချင်းဆိုကြသည်။ ကကြခုန်ကြ မြူးကြသည်။ မွေးနေ့သည် လွန်စွာ ပျော်ဖို့ကောင်းသော နေ့များထဲမှ တစ်နေ့ဖြစ်သည်။ ထိုပျော်စရာနေ့များ၊ အမှတ်တရများထဲ၌ ကျွန်တော့်အတွက် အမှတ်တရ အဖြစ်ရဆုံး မွေးနေ့ပွဲလေး တစ်ခုရှိခဲ့ပါသည်။ 

ထိုနေ့သည် ကျွန်တော့်အတွက် မွေးရက်နဲ့ မွေးသက် ကိုက်သောနေ့ဖြစ်သည်။ သက်ရှိတိုင်းအတွက် တစ်သက်မှာ တစ်ခါပဲ ကြုံကြိုက်ခွင့်ရသောနေ့ဖြစ်ပါသည်။ ၁ရက်နေ့မွေးသောသူများအဖို့ ၁နှစ်ပြည့်မွေးနေ့ဟာ သူ့အတွက် တစ်သက်မှာ တစ်ခါပဲကြုံရသောနေ့ဖြစ်သလို ၁၉ရက်နေ့မွေးသောသူများအတွက် ၁၉နှစ်ပြည့်မွေးနေ့ဟာ တစ်ကြိမ်ပဲရှိလာမှာပါ။ ထိုနည်း၎င်းပင် ကျွန်တော့်လို ၂၇ရက်မွေးတဲ့သူအဖို့ ၂၇နှစ်ပြည့်မွေးနေ့ဟာ တစ်သက်မှာ တစ်ခါပဲကြုံရတာပါ။ ဒီလိုကြုံကြိုက်မှုဟာလည်း ၃၁နှစ်ပြည့်ပြီးသွားလျှင် ရှိတော့မည်မဟုတ်ပါ။ တစ်လမှာ ၃၁ရက်သည် အများဆုံးမို့ဖြစ်သည်။ 

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ကျွန်တော်သည် မြန်မာပြည်ပြန်ရောက်လာသောအချိန်ဖြစ်နေသည်။ ပြီးခဲ့တဲ့မွေးနေ့များမှာ အဝေးကနေပဲ သာဓုခေါ်နိုင်ခဲ့တဲ့ တရားစခန်းဝင် မိုးကုတ်ယောဂီတွေနဲ့ သံဃာတော်တွေကို ကိုယ်တိုင် သဟဒိက ဒါနမြောက် အာရုံဆွမ်းကပ်လှူခွင့်ရခဲ့သည်။ ယောဂီ၂၀၀ကျော်ရဲ့  ဆုတောင်းအမျှဝေသံတွေကို ကိုယ်တိုင်ကြားရတဲ့အခါ နှလုံးမွေ့ပျော် ကြည်နူးပီတိတွေ ဖြစ်ရသည်။ ထို့ပြင် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များရဲ့  အထွတ်အမြတ်ထား ကိုးကွယ်ရာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညိုခွင့်ရခဲ့ပါသည်။ ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ် ငယ်ငယ်တည်းက အခေါက်အခေါက်အလီလီ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရောက်နေသော်လည်း အေးအေးဆေးဆေး နေရာစုံအောင် မရောက်ဖြစ်ပေ။ ရင်ပြင်တော်ကို ပတ်ပြီး အောင်မြေမှာ ရှိခိုးမယ် ဂြိုလ်တိုင်မှာ ရေသပ္ပာယ်မယ်၊ ရံဖန်ရံခါ နေလဘုရားဝင်ဖူးမယ် ဒီလောက်ပဲရှိခဲ့တာပါ။ တခြားနေရာတွေကိုတော့ မရောက်ဖူးတာမဟုတ်ပါဘူး။ ရောက်ပါသည်။ ဒါပေမယ့် တစ်ရက်တည်း တစ်ခါတည်း အစုံရောက်တာတော့မဟုတ်ပါ။

အဲ့ဒီနေ့က ကျွန်တော်နှင့်အတူ သူငယ်ချင်းမိန်းကလေးနှစ်ယောက်လိုက်လာပါသည်။ တစ်ယောက်က ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့  သတို့သမီးလောင်း၊ နှစ်ကုန်ရင် မဂ်လာဆောင်တော့မယ့်သူ၊ တစ်ယောက်က သူ့ရဲ့  သူငယ်ချင်းအရင်းခေါက်ခေါက်၊ မကြာသေးမီကမှ အမေရိကားကပြန်လာပြီး လက်ထပ်ထားတဲ့ အိမ်ထောင်သည်။ သူတို့နှစ်ယောက်စလုံးက ကျွန်တော့်ကိုခင်ကြသည်။ ကျွန်တော်တို့ဆက်ဆံရေးဟာ ညီကိုမောင်နှမများအသွင် ဆက်ဆံကြတာမို့ အစ်မနှစ်ယောက်က မောင်လေးရဲ့  မွေးနေ့မှာ ဘုရားလိုက်ပို့ပေးကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ကျွန်တော့်ထက် အသက်ကြီးပါသည်။ ကျွန်တော်တို့ ၃ယောက်သား ဘုရားအေးအေးဆေးဆေးဖူးဖြစ်ကြသည်။ ကျွန်တော့်သူငယ်ချင်းရဲ့  ကောင်မလေးက ဘာသာရေးကိုင်းရှိုင်းသူပီပီ ရွှေတိဂုံဘုရားရဲ့  လျှိုဝှက်ချက်များကိုလည်း သိသည်။ မသိသေး မရောက်သေး၊ မဖူးဘူးသေးတဲ့ ဂျောင်ဂျိုဂျောင်ဂျားက တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားတွေပါမကျန် လိုက်ပို့ပေးသည်။ ဘယ်နေရာမှာ ဘယ်လိုဆုတောင်းရတယ်စသဖြင့်လည်း သင်ပေးသည်။ အောင်မြေအစစ်ဟာ ဘယ်နေရာဖြစ်တယ်ဆိုပြီးလည်း ရှင်းပြလို့ အဲ့ဒီအောင်မြေအစစ်မှာ ထိုင်ပြီး ဘုရားရှိခိုးခဲ့ကြသေးသည်။ 

ကျွန်တော်တို့ ဘုရားပေါ်မှာ ၂နာရီလောက်ပတ်ပြီးတော့ ပြန်ဆင်းခဲ့ကြသည်။ မြောက်ဘက်မုဒ် သွေးဆေးကန်သွားပြီး ငါးလွှတ်၊ ငါးစာကျွေး လုပ်ခဲ့ကြသေးသည်။ အဲ့ဒီကနေမှ သူတို့နှစ်ယောက်ကို ကော်ဖီစိုက်ကယ်လ်မှာ ကော်ဖီနဲ့မုန့်လိုက်ကျွေးပြီး  ပြုစုလိုက်သည်။ ညဘက်ရောက်တော့ ခြံထဲမှာ မိသားစုတွေ အဒေါ်တွေ တူ၊ တူမ ဝမ်းကွဲကလေးတွေနဲ့ ဟတ်ပီးဘတ်ဒေး ကိတ်မုန့်လှီးပြီး သီချင်းဆို ဖယောင်းတိုင်မီးမှုတ် လုပ်ဖြစ်ကြသေးသည်။ ပျော်ဖို့ကောင်းသည်။ ကျွန်တော့်အတွက် အဲ့ဒီနေ့က အထူးခြားဆုံးနေ့ ဟုဆိုရမည်။ မွေးနေ့တကာ့ မွေးနေ့များထဲတွင် ထိုနေ့မွေးနေ့လောက် ကုသိုလ်တွေရခဲ့တာ မရှိခဲ့ဖူးပါ။ 

လူတိုင်းဟာ မိမိတို့ရဲ့  မွေးနေ့များကို လစ်လျူမရှုထားသင့်ပါ။ မွေးနေ့ဆိုတာ လောကကြီးထဲ ရှင်သန်ခွင့်ရတုန်း အခိုက်အတန့်လေးမှာပဲ ပြုလုပ်ပျော်ပါးခွင့်ရတဲ့ နေ့ထူးနေ့မြတ်တစ်ခုပါ။ အခြေအနေ အချိန်အခါ အဘက်ဘက်က အလေးပေးနေတုန်း၊ ကိုယ့်မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံးလည်း ပါဝင်ခွင့်ရတုန်းမှာ ကျင်းပပြုလုပ်သင့်သည်။ ကြီးကြီးကျယ်ကျယ် ဟိုတယ်ကြီးတွေပေါ်၊ စားသောက်ဆိုင်ကြီးတွေပေါ် သွားလုပ်မှ မဟုတ်ပါဘူး။ စားကောင်းသောက်ဖွယ်တွေ ကျွေးမွေးမှ မဟုတ်ပါဘူး။  မိမိတို့ရဲ့  မွေးနေ့ကို လှပအောင် အမှတ်တရဖြစ်အောင်၊ အမြဲတမ်း ပြန်တွေးရင်း ကုသိုလ်တရားတွေ ရရှိနေအောင် ဖန်တီးသင့်ပါသည်။ သို့မှသာ မွေးနေ့သည် အဓိပ္ပါယ်ရှိသောနေ့ တစ်နေ့ဖြစ်လာ ပါလိမ့်မည်။ 

ကျွန်တော့်အတွက်တော့ ဖြတ်သန်းခဲ့ရသော မွေးနေ့တိုင်းကို ပြန်တွေးတိုင်း အောက်မေ့မိတိုင်း ပျော်ရွှင်ကြည်နူး နေရဆဲဖြစ်ပါတော့သည်။ ။



အပါ
၃၁-၅-၂၀၁၂

Saturday, May 26, 2012

ပညာမြင့်မြင့် ရာဇဝင်လှလှ သမိုင်းကြောင်းကောင်းကောင်း


                                  
            လူတိုင်းဟာ အမှားနဲ့ မကင်းနိုင်ဘူးလေ…တစ်ကြိမ်တစ်ခါမှားတာ ခွင့်လွှတ်ပေးလို့ ရပေမယ့် အကြိမ်ကြိမ် အခါခါ မှားရင်တော့ ဒါဟာ ပညာဥာဏ်နည်းပါးလို့ပဲဖြစ်မယ်။

            ကျွန်တော်တို့မြန်မာတွေ သူ့ကျွန်ဖြစ်ခဲ့ရတာ သီပေါဘုရင်နဲ့ စုဖုရားလတ်တို့ ပညာနည်းလို့ ဖြစ်ခဲ့ရတာ။ ပညာရှိတဲ့ ကင်းဝန်မင်းကြီး ဦးကောင်းလို နန်းရင်းဝန်ကြီးက အင်္ဂလိပ်လို အဖက်ဖက်က သာတဲ့လူတွေနဲ့ ဒီအချိန်မှာ စစ်ရေးမယှဉ်သင့်သေးပါဘူးလို့ ပြောခဲ့တာပဲ။ ဦးကောင်းက ပညာတင်မကဘူး၊ ဗဟုသုတပါရှိတဲ့လူ။ အနောက်ဥရောပအထိ သူရောက်ဖူးတော့ သူတွေ့မြင်ခဲ့ရတဲ့ အနေအထားအရ ကျွန်တော်တို့မြန်မာတွေ အင်္ဂလိပ်ကို ဓါး၊လှံ၊လေး မြှားလောက်နဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူးဆိုတာသိလို့ တားခဲ့ပေမယ့် ဦးကောင်းကို ကြောက်တတ်ရင် ကျောက်ပြင်နဲ့ထမိန်ပေးမယ် ဆိုပြီး စုဖုရားလတ်က ပြောခဲ့တာကိုး။

            ဒါဟာ ဘာကိုပြသလဲဆိုတော့ ပညာရှိခြင်းနဲ့မရှိခြင်းကို ပြလိုက်တာပဲ။ ပညာဥာဏ်နည်းလို့ အမှားတစ်ခုကျူးလွန် မိလိုက်တာဟာ ကာယကံရှင်တစ်ယောက်ကိုပဲ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် မပြောပလောက်ပေမယ့် မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်ပြီး ထိခိုက်နစ်နာခဲ့မယ်ဆိုရင် ဒါဟာ အမှားကြီးတစ်ခုဖြစ်သွားတာပဲ။ အခုလည်း သီပေါနဲ့စုဖုရားလတ်တို့ရဲ့ အမှားက တစ်မျိုးသားလုံးအပေါ်မှာ အကျိုးသက်ရောက်ခဲ့လေတော့ ဒါဟာ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ မဟာအမှား၊ သမိုင်းကြောင်းမကောင်းခဲ့တဲ့ အမှားပဲ။

            ဒါတင်ပဲလားဆိုတော့ အဲ့ဒီလိုပဲ သမိုင်းကြောင်းမကောင်းအောင် မဟာအမှားကြီးတစ်ခုကို ကျူးလွန်ခဲ့တဲ့သူက ဂဠုန်ဦးစော။ သူ့ကို ပညာမရှိဘူးလို့ပြောရအောင်ကလည်း သူဟာ နန်းရင်းဝန်အဖြစ်တောင် လုပ်ခဲ့ဖူးတဲ့သူပါ။ သူ့ကျတော့ ပညာဥာဏ်နည်းတယ်လို့မဆိုသာသော်လည်း ချင့်ချိန်တတ်တဲ့အသိဥာဏ်မရှိဘူးလို့ပဲ ပြောပါရစေတော့။ သူ့ရဲ့ လုပ်ကြံမှုဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည် ၉ဦးထဲကို သတ်ခဲ့တာမဟုတ်ဘူး။ မြန်မာတစ်မျိုးသားလုံးကို သတ်လိုက် သလိုပါပဲ။ နောက်ပိုင်း ဂဠုန်ဦးစောဟာ သူ့သမီးမေသန်းစောဆီ ထောင်ထဲကနေစာတစ်စောင်ပေးခဲ့တယ်။ အဖေတို့အမျိုးက နဲနဲထိ မခံတတ်တဲ့အမျိုး။ ကိုယ့်ကိုထိရင် ပြန်ပြီးလုပ်ရမှ ကျေနပ်တဲ့အမျိုး။ ဂလဲ့စားချေရမှ စားဝင်အိပ်ပျော်တဲ့အမျိုး။ ဒါကြောင့် အဖေ့ရဲ့  လုပ်ရပ်ကို ဘယ်တော့မှ နောင်တမရဘူးတဲ့။ နောင်တရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂဠုန်ဦးစောရော သူ့မျိုးဆက်တွေရော အားလုံးဟာ ဒီကနေ့အထိ သူများတံတွေးခွက်မှာ ပလပ်မျောနေကြရဆဲ၊ သမိုင်းတရားခံများအဖြစ် ဆက်လက်ရှိနေဆဲပါပဲ။

            လူတွေဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာပါ။ ကိုယ့်ရာဇဝင် ကိုယ်ပြင်ကြရတာပါ။ သမိုင်းကြောင်း မကောင်းခဲ့ကြရခြင်းရဲ့  အဓိကအခြေခံအချက်ကတော့ အသိနဲ့ပညာ မရှိကြလို့ပါပဲ။ ပညာရှိသူတွေဟာ ကိုယ့်သမိုင်းကြောင်းကို ကောင်းအောင်ရေးထားနိုင်ခဲ့ကြပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို စတေးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရာဇဝင်မှာ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ အာဇာနည်ခေါင်းဆောင်ကြီးအဖြစ်နဲ့ ကမ္ဗည်းထိုးခံခဲ့ရပါပြီ။ 

            ထို့အတူပဲ ပန်းတနော်သား ကျောင်းဆရာဦးသန့်ဟာလည်း သူ့ရဲ့ ပညာဥာဏ်ကြီးမှု၊ အရည်အချင်းကောင်းတွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးရဲ့ အတွင်းရေးမှုးချုပ်အဖြစ် သူ့သမိုင်းကို သူရေးသွားနိုင်ခဲ့ပါတယ်။ အာရှရဲ့ ပထမဆုံး အတွင်းရေးမှုးချုပ်အဖြစ် မြန်မာ့ရာဇဝင်တွင်မက ကမ္ဘာ့ရာဇဝင်မှာပါ ကမ္ဗည်းတင်ထားနိုင်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ပညာဟာ ဘယ်လောက် အရေးပါတယ်၊ အသုံးကျတယ်၊ တန်ဖိုးကြီးတယ်ဆိုတာ သိနိုင်ပါတယ်။

            နောင်တ တရား (၁၀) ပါးမှာ နံပါတ်တစ်အချက်က ငယ်ရွယ်စဉ် ပညာမသင်မိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ မိဘများချို့ တဲ့ လွန်း၍ပညာကောင်းစွာ မသင်ခဲ့ရသူများကိုတော့ အပြစ်မဆိုသာပေမယ့် ပညာရယူရန် အခွင့်အလမ်းရှိပါရဲ့ နဲ့ ပညာ မသင်ယူခဲ့ကြသူများအတွက် နောင်တနဲ့ သင်ခန်းစာကတော့ သက်ဆုံးတိုင်ပါပဲ။ 

            ယနေ့ခေတ်ဟာ ပညာအခြေခံတဲ့ခေတ်ကို ရောက်ရှိလာပါပြီ။ ဘယ်နေရာမှာမဆို ပညာနဲ့ပဲ နှိုင်းယှဉ် ပြိုင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်။ ပညာတတ်ထားသူနဲ့ ပညာမတတ်ထားသူတို့ရဲ့  ကွာဟချက်ဟာ မကြာခင်မှာ ဆီနဲ့ရေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူထုခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်း တော်တော်များများမှာ လူငယ်တွေကို စာဖတ်ကြဖို့ ပညာသင်ယူကြဖို့ အမြဲလိုလို တိုက်တွန်းနေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ 

            ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော်တို့ အင်းစိန်မြို့ နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး မိန့်ခွန်းပြောပါတယ်။ လူငယ်တွေ စာဖတ်ကြဖို့နဲ့ အခြေခံပညာတတ်အောင် သင်ကြဖို့ အဓိကထား တိုက်တွန်းသွားတာ နားထောင်ခဲ့ရပါတယ်။ အခြေခံပညာဆိုတဲ့နေရာမှာ သူငယ်တန်း ပထမတန်း ဒုတိယတန်းတွေလို အခြေခံပညာ ကျောင်းစာတွေထက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အသိပညာကို ရအောင်ရှာကြဖို့ ပြောသွားပါတယ်။ ပြီးတော့ လူငယ်တွေရဲ့ အားဟာ အနာဂတ်နိုင်ငံတော်မှာ အရေးကြီးပါတယ်ဆိုပြီးလည်း ပြောသွားတယ်။ ဒါကြောင့် လူငယ်တွေ လက်ဖက်ရည်ဆိုင် ဂိမ်းဆိုင် အင်တာနက်ဆိုင်တွေ ထိုင်ပြီး အချိန်ဖြုန်းနေမယ့်အစား စာများများဖတ်ကြဖို့၊ စာဖတ်ရင်း အသိပညာတွေရှာကြဖို့ အထူးအလေးပေးပြောဆိုသွားပါတယ်။

            ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နားထောင်နေကြတဲ့ လူငယ်တစ်စုကို နှစ်ထပ်တိုက် ပေါ်တီဂိုတစ်ခုပေါ်မှာ တွေ့လိုက်ရပါတယ်။ အဲ့ဒီလူငယ်တစ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အမေစု၊ အမေစုနဲ့ အသံကုန်ဟစ် အားပေးနေကြတာ ကြားတော့ ကျွန်တော်တို့ လူထုခေါင်းဆောင်ကြီးက ထိုလူငယ်တွေဆီ လှန်းပြောလိုက်ပါတယ်။ 

            ဟိုခေါင်မိုးပေါ်က ကလေးတွေ စာဖတ်ကြလား၊ စာဖတ်နော်၊ စာမဖတ်ပဲနဲ့ အမေစုလို့လာမခေါ်နဲ့တဲ့။

            ကျွန်တော်တို့ဟာ မြန်မာ့လွတ်လပ်ရေးခေတ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုမမှီလိုက်ကြပါဘူး။ လွတ်လပ်ရေးရဲ့ ဖခင်၊ တပ်မတော်ရဲ့  ဖခင်၊ တစ်မျိုးသားလုံးရဲ့ ဖခင်ကို အဖေအောင်ဆန်းလို့ မခေါ်ခဲ့ကြရပါဘူး။ ယနေ့ ဗိုလ်ချုပ်ရဲ့ သမီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီသူရဲကောင်းတို့ရဲ့ မိခင်၊ လူထုရဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ အားရပါးရခေါ်ခွင့်ရတဲ့ခေတ်ကို မီခဲ့ပါပြီ။ အဲ့ဒီလို အမေစုလို့ ခေါ်ချင်တယ်ဆိုရင် ကျွန်တော်တို့ လူငယ်တွေ စာဖတ်ပါတဲ့။ မိခင်ရဲ့ စကား သားသမီးတွေ နားထောင်ရမှာပေါ့။ ကျွန်တော်တို့တွေ အမေစု ပြောသလို စာဖတ်ကြရပါမယ်။ စာဖတ်မှ အသိပညာကြွယ်မယ်။ အသိပညာကြွယ်ရင် စဉ်းစားချင့်ချိန်တတ်လာမယ်။ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အကြောင်းကို သိရှိလာမယ်။ ပညာဥာဏ်သုံးပြီး ကိုယ့်သမိုင်းကို ကောင်းအောင် ရေးနိုင်ကြဖို့ လိုပါတယ်။ 

            နောက်ဆုံး နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်ရဲ့  ပညာအခြေခံ လူ့အဖွဲ့အစည်းဆိုတဲ့စာ တစ်ပုဒ်ကိုဖတ်ပြီး ပညာဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိခဲ့ရပါသည်။
            မြန်မာတို့ အစဉ်အလာတွင် ပညာ(၅)ပါးဟူ၍ ရှိခဲ့သည်။ 

(၁) ဓမ္မညုတ - အကြောင်းကိုသိခြင်း
(၂) အတ္တညုတ - အကျိုးကိုသိခြင်း
(၃) မတ္တညုတ - အတိုင်းအရှည်ကိုသိခြင်း
(၄) ကာလညုတ - အချိန်အခါကိုသိခြင်း
(၅) ပရိသညုတ - ပရိသတ်သဘောကိုသိခြင်း

            အထက်ပါငါးပါးသော အရည်အချင်းနဲ့ ပြည့်စုံပါမှ မှန်ကန်သောပညာဖြစ်ရပါသည်။ ထိုငါးပါးနဲ့ ပြည့်စုံပါမှလည်း အမှား-အမှန်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ 

            အကြောင်းကိုသိခြင်းဖြင့် အရာထင်စေပါသည်။ အကြောင်းမသိပါက အရာထင်လိမ့်မည် မဟုတ်ပါ။ ဈေးကွက်စီးပွားရေးကို ကျင့်သုံးသော နိုင်ငံများစွာရှိနေသော်လည်း အောင်မြင်သောနိုင်ငံများရှိသလို မအောင်မြင်ပဲ တွန့်ဆုတ်နေသော နိုင်ငံများလည်းရှိပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ကောင်းစွာကူးပြောင်းနိုင်သော နိုင်ငံများ ရှိသလို အောင်မြင်စွာ မကူးပြောင်းနိုင်ပဲ ဒုံးရင်းပြန်ရောက်သွားသော နိုင်ငံများကိုလည်း သမိုင်းမှာတွေ့ရပါသည်။ အကြောင်းကို ကောင်းစွာ မသိမြင်နိုင်သောကြောင့်ဖြစ်သည်။

            အကျိုးကိုမသိလျှင်လည်း ကောင်းစွာ အရာထင်မည် မဟုတ်ပါ။ အကျိုးတရားကို မည်မျှ လေးလေးနက်နက် သိရှိကြပြီးပါပြီလဲ။ ခပ်တိမ်တိမ်သိကြသူများက ပညာကို သဘောမျှသာ သင်ယူကြ၍ သဘောမျှသာ ပြန်လည် အသုံးချခဲ့ကြသည်။ ထို့ကြောင့် တစ်ချို့ နိုင်ငံများတွင် ပညာတတ်ဘွဲ့ ရသူအရေအတွက် ပေါများသော်လည်း ထင်သလောက်၊ မှန်းသလောက် မတိုးတက်နိုင်ကြသည်ကို တွေ့ရသည်။ ကျွန်တော်တို့ နိုင်ငံသည်လည်း အတိတ်ကဖြစ်ရပ်များကြောင့် ထိုနည်း၎င်း အကျိုးကိုမသိခဲ့၍ သမိုင်းသင်ခန်းစာများလည်း ရခဲ့ပြီးပါပြီ။

            အတိုင်းအရှည်ကို မသိခြင်းသည်လည်း အကြောင်းတစ်ပါးဖြစ်သည်။ ယနေ့ ခေတ်စကားနဲ့ပြောရရင် ရလဒ် မည်ရွေ့ မည်မျှ ထွက်ပေါ်လာမည်ကို ကောင်းစွာ မစေ့ငုမိနိုင်ခြင်းနှင့် သဘောသဘာဝတူညီမည် ဖြစ်သည်။ 

            အချိန်အခါကို သိခြင်းသည်လည်း ပညာဖြစ်စေရာ ဖြစ်စေကြောင်း၏ အကြောင်းတစ်ပါးဖြစ်သည်။ အချိန်အခါနှင့် Timing ကိုကောင်းစွာနားလည်သည့် တိန့်ရှောင်ဖိန်က ဆိုရှယ်လစ်စီးပွားရေး၊ဈေးကွက်စီးပွားရေးကို သူ့အချိန်အခါနဲ့သူ မှန်ကန်စွာကူးပြောင်းပေးနိုင်ခဲ့သည်။ ယနေ့ တိန့်ရှောင်ဖိန်၏ ကျေးဇူးကြောင့် တရုတ်တို့ ပြုပြင်ပြောင်းလဲမှုများနဲ့အတူ အံ့မခန်းတိုးတက်ခဲ့ပြီး စူပါပါဝါနိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ 

            ပရိသတ်ကို သိခြင်းသည်လည်း ပညာ၏အရည်အချင်းတစ်ပါးဖြစ်ပါသည်။ တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးက အာဏာရလာပြီးတဲ့နောက် ယဉ်ကျေးမှုတော်လှန်ရေး၊ မဟာခုန်ပျံကျော်လွှားစီမံကိန်းတို့ကို ဆောင်ရွက်ခဲ့ရာ ပရိသတ်သဘောနဲ့ ကင်းလွတ်ခဲ့သဖြင့် ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသည်။ တရုတ်ပြည် ဆင်းရဲတွင်းက ရုန်းမထွက်နိုင်ခဲ့။ တိန့်ရှောင်ဖိန်က တရုတ်ပြည်သူတို့၏ ပရိသတ်သဘောကို ကောင်းစွာသိသူဟု ဆိုရမည်။ ပေါက်ကွဲလုနီးနီး ဖြစ်နေသော တရုတ်နိုင်ငံသားတို့အတွက် “ကြောင် ဖြူသည် မည်းသည်သည် ပဓာနမဟုတ်၊ ကြွက်ခုပ်နိုင်ရန်သာလိုသည်” ဟူသော သဘောတရားဖြင့် ပြုပြင်ပြောင်းလဲမှုများကို အုတ်မြစ်ချ ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့ပါသည်။

            အချုပ်ဆိုရလျှင် ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည် အင်မတန်မှ သိမ်မွေ့နူးညံသော အသွင်ကူးပြောင်းရေးလမ်းကို လျှောက်လှမ်းနေပါသည်။ အကူးအပြောင်းကာလတစ်ပါးဖြစ်နေပါသည်။ ဦးဆောင်သူများ၊ ပံ့ပိုးသူများအားလုံးသည် ပညာငါးပါးနှင့် ပြည့်စုံပြီး အကူးအပြောင်းကို ဆောင်ရွက်နိုင်ကြမယ်ဆိုရင် အနာဂတ်မြန်မာပြည်ကြီးသည် ကျွန်တော်တို့ လိုချင်တောင့်တသော အခြေအနေတစ်ရပ်သို့ ဧကန်မုချ ရောက်ရမည်မှာ မလွဲမသွေပင် ဖြစ်ပါတော့သည်။ ။


စာညွှန်း - ခေါင်းဆောင်၊ ခေါင်းဆောင်မှု၏အဓိပ္ပာယ်နှင့် အနှစ်သာရ (နေဇင်လတ်)

အပါ
၂၅-၅-၁၂
             
           

Thursday, May 24, 2012

ရွှံ့ ရုပ်လေးတွေ လှပါစေ


            မနက်က အိပ်ယာနိုးနိုးချင်း ဖေ့ဘွတ်ဝင်ကြည့်တော့ ဟာသတစ်ခုတွေ့လိုက်ရတယ်။ အဲ့ဒီဟာသမှာ ကျောင်းဆရာမက သူ့တပည့်လေးတွေကို မေးတယ်။
 
ရှမ်းပြည်တောင်ပိုင်းရဲ့ မြို့ တော်က ဘာလဲ ဆိုတော့ တပည့်တွေက တောင်ကြီးပါ လို့ဖြေကြတယ်။ 

ဒါနဲ့ ဆရာမက ဆက်မေးတယ်။ 

ဒါဆို ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့ တော်ကရောဆိုတော့ တပည့်တွေက မြောက်ကြီးပါလို့ ပြန်ဖြေကြတယ်။ 

            အဲ့ဒီဟာသကိုဖတ်ပြီး စောစောစီးစီး ဦးနှောက်ကြည်ကြည်လင်လင် ဖြစ်သွားတယ်။ တော်တော်လည်း ဟာသဥာဏ်ရွှင်တဲ့လူပဲလို့ တွေးရင်း ချီးကျူးမိတယ်။ သူဖန်တီးလိုက်တဲ့ ဟာသက လူတစ်ယောက်ကို ချက်ချင်းပြုံးစေတယ်။ တောင်ပိုင်းရဲ့ မြို့ ကတောင်ကြီးဆို မြောက်ပိုင်းမြို့ က မြောက်ကြီးပေါ့။ ကလေးတွေရဲ့  ရိုးရိုးသားသားတွေးတတ်ပုံကို ဟာသအဖြစ် ဖန်တီးပြလိုက်ခြင်းပဲလို့ ယူဆမိတယ်။

            ဒါနဲ့ဆက်စပ်ပြီး ဟိုတုန်းက ကျောင်းဆရာတစ်ယောက် ကလေးတွေကို စာမေးတာသွားသတိရမိတယ်။ ကျောင်းဆရာက သားတို့သမီးတို့ရေ…ဆရာတို့ မြန်မာပြည်ကြီးရဲ့  အသက်သွေးကြော မြစ်ကြီးဟာ ဘာရာဝတီမြစ်ကြီးလဲ လို့မေးတော့ ကလေးတွေက အားရပါးရပဲ အော်ကြတယ်။ ဧရာဝတီမြစ်ကြီးပါဆရာတဲ့။

            ကျောင်းဆရာကဆက်မေးတယ်။ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့မင်းဟာ ဘာရထာမင်းကြီးလဲ လို့မေးတော့ ကလေးတွေကလည်း အားရပါးရပဲ ထပ်ဖြေကြတယ်။ အနော်ရထာမင်းကြီးပါဆရာတဲ့။

            ဘယ်လောက်သင်ယူချင်စရာ ဖြေချင်စရာကောင်းလိုက်တဲ့ သင်ကြားပုံနဲ့ စာမေးပုံလည်း ဆိုတာ ကြားရရုံနဲ့ သြောချရလောက်တယ်။ ဘာရာဝတီလဲတဲ့။ ဘာရထာမင်းကြီးလဲတဲ့။ တယ်လည်း မေးခွန်းထုတ်တော်တဲ့ ဆရာပါပဲ။

            အဲ့ဒီအဖြစ်အပျက်ကိုကြည့်ပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေကြားက သင်ကြားရေးနည်းဗျူဟာကို လေးစားရမှာလား အံ့သြရမှာလား။ ချီးကျူးရမှာလား။ ဘာပဲပြောပြော သင်ယူကြတဲ့ ကလေးတွေ သူတို့ဆရာသင်ပေးတဲ့အတိုင်း နားထဲ အလွယ်တကူ ရောက်ရှိသွားကြမယ်ဆိုရင် ပြီးတာပါပဲ။

            ထပ်ပြီး ဆက်စပ်တွေးမိလို့ ပေါ်လာတဲ့ ဟာသတစ်ခုရှိပါသေးတယ်။ အငြိမ့်ခန်းတွေမှာ ပြက်လေ့ရှိတဲ့ဟာသပါ။ အတန်းထဲမှာ ဆရာမက ကျောင်းသားတွေကို စာသင်ပေးပါတယ်။ ကလေးတွေ မှတ်ရလွယ်အောင် လွယ်တဲ့စာလုံးလေးတွေ အရင်သင်ပေးပါတယ်။ ဝလုံးတို့ ထဆင်ထူးတို့၊ ဂငယ်ရယ် င ရယ် ပ စောက်ရယ်၊ အဲ့လို လွယ်တာတွေသင်ရင်း ဆရာမကမေးတယ်။ 

            ဂငယ်အပေါက် ဘယ်ဘယ်လှည့်သလဲဆိုတော့ ကလေးတွေက အောက်ကိုလှည့်ပါတယ်ဆရာမပေါ့။ ဒါနဲ့ ဆရာမကလည်း ငအပေါက် ဘယ်ဘက်လှည့်သလဲလို့မေးလိုက်တော့ ကလေးတွေက ရယ်ကြတယ်။ 

            ရုတ်တရက်မဖြေရဲကြဘူး။ ပြီးမှ တစ်ယောက်ကအရှေ့လို့ပြော၊ တစ်ယောက်ကအောက်လို့ပြော၊ တစ်ယောက်က အနောက်လို့ပြောနဲ့ တစ်ယောက်တစ်ပေါက်ဖြစ်နေကြတော့တယ်။ တစ်ယောက်တစ်ပေါက်ဆိုတာ အဲ့ဒီကနေ ဆင်းသက်လာတာ ဖြစ်လိမ့်မယ်။ ဒီတော့မှ ဆရာမလည်း သူမေးလိုက်တဲ့ မေးခွန်း သူပြန်စဉ်းစားမိပြီး ပြုံးမိတယ်။

            ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေကြားက ဟာသလေးတွေကို တွေးမိလို့ပါ။ သင်တတ်ဖို့၊ မေးတတ်ဖို့ အရေးကြီးတယ်ဆိုတာကို သိထားသင့်ပါတယ်။ ဒါနဲ့ အဲ့ဒီလို ကလေးတွေနဲ့ ဆရာတွေရဲ့  ဟာသကိုတွေးမိရင်း ကျွန်တော်ကိုယ်တိုင် ဘုန်းကြီးကျောင်းတစ်ခုမှာ ယဉ်ကျေးလိမ္မာသင်တန်းအတွက် စာသင်ပေးခဲ့တုန်းက အဖြစ်လေးကို ပြန်တွေးမိတယ်။ ဟာသတော့မဟုတ်ဘူး။ ဒါပေမယ့် ပြုံးရလောက်တဲ့ အဖြစ်ပါ။ 

            တစ်နေ့ ကျွန်တော်က ရှေ့မှာ စာရေးပြနေတုန်း ကျွန်တော့်ကို ဆရာဆရာ ဆိုပြီး ကလေးတစ်ယောက်က လှန်းခေါ်တယ်။ ကျွန်တော်က ဘာလဲလို့မေးလိုက်တော့ သူက ကျွန်တော့်ကိုအော်ပြီးပြောတယ်။

            ဆရာ…ဒီကောင် သားစောက်ခွက်ကို ထိုးတယ် တဲ့။

            ရုတ်တရက်ကြားလိုက်ရတဲ့ တိုင်ချက်က ကျွန်တော့်ကို ပြုံးရခက် မဲ့ရခက် ဖြစ်သွားတယ်။ အော် ဒါတောင် ယဉ်ကျေးမှုသင်တန်းသင်ပေးနေလို့သာပေါ့။ ကျွန်တော်လည်း တိုင်တဲ့ကောင်ရော…ထိုးတဲ့ကောင်ရော နှစ်ကောင်စလုံးကို ခေါ်ပြီး ဆုံးမရတယ်။ ပြီးတော့ တိုင်တဲ့ ကလေးကို မင်းဘာလို့ စောက်ခွက်လို့သုံးရတာလဲ၊ စောက်ဆိုတဲ့ စကားလုံးက ရိုင်းတယ်ဆိုတာ မင်းမသိဘူးလားလို့မေးတော့ ကလေးကပြန်ဖြေတယ်။

            သားအဖေနဲ့အမေက အိမ်မှာဆိုအမြဲတမ်း စကားပြောရင် မင်းစောက်ခွက်ကိုမကြည့်ချင်ဘူး၊ ရှင့်စောက်ခွက်ကိုလည်း မကြည့်ချင်ဘူးနဲ့ အမြဲပြောနေတာကြားရတော့ သားလည်း မျက်နှာကို စောက်ခွက်လို့ပဲထင်မိတာပါဆရာတဲ့။

            ကဲ…ကောင်းရော။ ဒီကလေးကို ဘယ်လိုအပြစ်တင်ရမလဲ။ သူ့အပြစ်လား သူ့မိဘတွေရဲ့  အပြောအဆို မဆင်ခြင်မှုအပြစ်လား စဉ်းစားသာကြည့်။ လက်ဦးဆရာ မည်ထိုက်စွာ ပုပ္ပစရိယ မိနဲ့ဖတဲ့ဗျ။

            ကလေးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ အတွေးအခေါ်အပြုအမူ အပြောအဆို အနေအထိုင်ကအစ လူမှုဆက်ဆံရေးပိုင်းတွေမှာ အားနည်းချက် အားသာချက်တို့ရဲ့  ခရာဟာ မိဘနဲ့ ဆရာသမားတွေပဲ ဖြစ်တယ်ဆိုတာ လုံးဝမမေ့သင့်ကြောင်းပါခင်ဗျာ။ ။

အပါ
၂၅-၅-၁၂



အတွေ့လေးရယ်နဲ့မှ အိုအကြုံ


            အတွေ့လေးရယ်နဲ့မှ အိုအကြုံ…

            တစ်နေ့သ၌ ဗေဒင်ယတြာများကို အယုံအကြည် မရှိသော ကျွန်တော်သည် ဗေဒင်ဟောခန်းတစ်ခုသို့ အမှတ်မထင် ရောက်ခဲ့ရလေသည်။ အမှတ်မထင်ဆိုပေမယ့် သူငယ်ချင်းစုံတွဲကို လိုက်ပို့ရင်း ရောက်ခဲ့တာဆိုတော့ အမှတ်ထင်ထင်လို့ ပဲဆိုပါတော့။ 

            ဗေဒင်ဆရာက ကျွန်တော့်သူငယ်ချင်းစုံတွဲကိုဟောတယ်။ မင်းတို့စုံတွဲ ချစ်တိုင်းလည်း မငြားဖြစ်လိမ့်မယ်တဲ့။ လက်ထပ်ဖို့  အစီအစဉ်ရှိရင်လည်း ပျက်လိမ့်မယ်တဲ့။ မတော်လို့ ခိုးပြေးမယ်ဆိုရင်လည်း ပြန်အခွဲခံရလိမ့်မယ်တဲ့။ အဲ့ဒီဗေဒင် ဆရာဟောတာ သူတို့အတွက် ဘာတစ်ခုမှ မကောင်းဘူး။ အားရစရာ တစ်ကွက်မှ မရှိဘူး။ ကျွန်တော့်သူငယ်ချင်းဆို ဗေဒင်ဆရာကို ပေါက်ကရလျှောက်ပြောတယ်ဆိုပြီး ဒေါသတွေထွက်တယ်။ သူ့ကောင်မလေးကတော့ မိန်းမသားပီပီ ငိုဖို့ပဲတတ်တာပေါ့။ 

            ဒါနဲ့သူတို့စုံတွဲလည်း ထိုင်နေတာအကောင်း ထသွားမှကျိုးဆိုသလို ဗေဒင်မေးပြီးတဲ့နေ့ကစလို့ စိတ်မကြည်မလင်မှုတွေနဲ့ ရင်ဆိုင်ရတော့တာပါပဲ။ နှစ်ယောက်စလုံး စိတ္တဇဖြစ်ခဲ့ကြတယ်။ ဗေဒင်ဟောတဲ့အတိုင်း တကယ်ဖြစ်မှာကို သူတို့တွေးပြီး စိုးရိမ်ကြတယ်။ သူတို့ စိုးရိမ်လည်း စိုးရိမ်စရာပဲ။   ဟောလိုက်တဲ့ ဗေဒင်ဆရာက ပြတ်ပြတ်သားသားပဲပြောတယ်။ သူများတွေလို အာဖျံကွီးဟောပြီး ယတြာချေခိုင်းတဲ့ဗေဒင်ဆရာ မဟုတ်ဘူးတဲ့။ ယုံရင်လာ မယုံရင်မလာနဲ့ အမှန်ကို မြင်တဲ့အတိုင်းပဲ ဒဲ့ဟောတဲ့ဆရာတဲ့။ ဘာယတြာမှ ချေမနေနဲ့ မရဘူးတဲ့။ မင်းတို့စုံတွဲ ဘယ်လိုမှ ပေါင်းဖက်လို့မရဘူး။ အဲ့ဒါအမှန်ပဲဆိုပြီး ဟောထားလေတော့ သူငယ်ချင်းစုံတွဲခင်ဗျာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေကြတယ်။ 

            နောက်တော့ သူတို့ဗေဒင်ဆရာတစ်ယောက်ပြောင်းပြီး ထပ်မေးကြည့်တယ်။ အရင်တစ်ယောက်လိုပဲ မငြားနိုင်ဘူးလို့ ဟောလိုက်တယ်။ အဲ့ဒီဗေဒင်ဆရာကတော့ ယတြာချေတာလုပ်ပေးလိုက်သေးတယ်။ ဒါကလည်း အညံ့တွေ အကောင်းဖြစ်အောင် အထောက်အပံ့ယူတဲ့ သဘောပါတဲ့။ အကြောင်းကံကို ပြောင်းလှန်ဖို့ လုပ်တာမဟုတ်ပါဘူးတဲ့။ ဒီတော့ ရှင်းရော။ ယတြာချေလည်း မင်းတို့နှစ်ယောက် ပေါင်းရဖို့ မဖြစ်နိုင်ပါဘူးလို့ ဒဲ့မပြောလိုက်ရုံတမယ်ပဲ ရှိတော့သည်။

            ကျွန်တော်ကတော့ ဗေဒင်တွေကို ယုံလည်း မယုံသလို သွားလည်း မမေးဘူး။ ထီပေါက်မယ် သူဌေးဖြစ်မယ် မိန်းမချောချောရမယ်လို့ ဟောရင် ဘယ်တော့မှ မမှန်ဘူး။ ထိမိခိုက်မိမယ်၊ ကျန်းမာရေးချူချာမယ်၊ ချစ်သူနဲ့စကားများမယ် ဆိုတဲ့ မကောင်းတဲ့အချက်တွေဆို မှန်တတ်လွန်းလို့ ဗေဒင်ဆရာတွေဟာ ယတြာလုပ်ငန်းနဲ့ အလုပ်ဖြစ်နေကြတာပေါ့။ 

            ကျွန်တော့်သူငယ်ချင်းစုံတွဲကို အကြံပေးမိတယ်။ ဘယ်သူ့စကားမှ မယုံနဲ့။ လောကမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မှာပဲ။ အတိတ်အကြောင်းကံကို ယုံမယ်ဆိုရင်တော့ အကြောင်းဆက်ကြောင့် အကျိုးဖြစ်ကောင်းဖြစ်မယ်။ ဒါဟာလည်း ကိုယ်ပြုတဲ့ ကုသိုလ် အကုသိုလ်ပေါ်မှာပဲ မူတည်တယ်လို့ တရားစကားပြောပြီး နားချရတယ်။ 

            တခါတလေကျတော့ လောကီပညာဟာ ထူးဆန်းတယ်။ အံ့လည်း အံ့သြလောက်တယ်။ ကျွန်တော့်သူငယ်ချင်း သဘောင်္တက်ဖို့ အကြောင်းကဖန်လာတယ်။ သူ့အလိုလို ဖြစ်လာတဲ့ ကံတရားများ ဆန်းကြယ်တယ်။ ကောင်မလေးက မျက်ရည်နဲ့ မျက်ခွက်ကျန်ခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းကတော့ သူ့ရည်းစားကို နိုင်ငံခြားကျောင်းထားနိုင်ဖို့ ကြိုးစားမယ်ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် ကောင်မလေးစိတ်ထဲမှာ ကြိုတွေးပြီးသား ကိစ္စက ဗေဒင်ဆရာဟောထားတဲ့အတိုင်း သူတို့နှစ်ယောက် ကွေကွင်းကြပြီဆိုတာပါပဲ။

            ကျွန်တော့်သူငယ်ချင်း သင်္ဘောပေါ်ရောက်ပြီး ၃လလောက်နေတော့ သူ့ကောင်မလေး ကျွန်တော့်ဆီရောက်လာတယ်။ သူတို့အကျိုးအကြောင်းတွေ ရင်ဖွင့်လာတယ်။ ကျွန်တော့်သူငယ်ချင်းသွားပြီး တစ်လလောက်အထိ သူတို့နှစ်ယောက် အဆက်အသွယ်ရှိကြတဲ့အကြောင်း အခု ဟိုကောင်က ကောင်မလေးကို အဆက်အသွယ် မလုပ်တော့ဘူးဆိုတဲ့အကြောင်း။ ကောင်မလေးက ဆက်သွယ်ရင်လည်း ရှောင်ပုန်းနေတယ်ဆိုတာတွေ ကျွန်တော့်ဆီ တိုင်တန်းလာတယ်။ ကျွန်တော်ကလည်း သူတို့အကြောင်း သိထားတဲ့သူဆိုတော့ ကြည့်ကောင်းအောင် ဖြန်ဖြေရေးလုပ်ရပါတယ်။ ဒါပေမယ့် ကျွန်တော် အထိတ်တလန့် ဖြစ်ရတဲ့ အကြောင်းကတော့ ကောင်မလေးမှာ ဟိုကောင်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာပါပဲ။ ကောင်မလေးက ပြောလည်းပြော ငိုလည်းငိုတော့သည်။ သူ့ဘဝ ရေစုန်မျောရပါပြီတဲ့။

            အဲ့ဒီအကြောင်းကို ကြားတော့ ဟိုကောင့်ကိုလည်း ဒေါသဖြစ်မိသလို ကောင်မလေးကိုကြည့်ပြီးလည်း စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော့်သူငယ်ချင်နဲ့ အဆက်အသွယ်ရတဲ့အခါ အကျိုးအကြောင်း ပြောပြတော့ ဟိုကောင်က ရယ်တယ်။ မင်းသနားရင် မင်းယူလိုက်ပေါ့လို့ ခပ်ရိရိလေး ပြန်ပြောတယ်။ ပြီးတော့ သူ့မှာ ကိုယ်ဝန်ရှိတယ်ဆိုတာ ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမယ့် ငါနဲ့ရတာပါလို့ပြောရအောင် ဘာနဲ့ သက်သေပြမှာလဲတဲ့။ 

            ဒီကောင့်ဆီက အဲ့လိုတွေကြားရတော့ ကျွန်တော်ပိုပြီး ဒေါသဖြစ်ရတယ်။

            “သူငယ်ချင်း မင်း မိကောင်းဖခင် သားသမီး ပီပီ လူမဆန်တဲ့ စကားမပြောပါနဲ့ကွာ..နှမချင်းတော့ ကိုယ်ချင်းစာသင့်ပါတယ်”

            ကျွန်တော်က ဒေါသထွက်ထွက်နဲ့ ပြောတော့ သူကပြန်ပြောတယ်။

            “ဒီခေတ်ကြီးထဲမှာ သမီးရည်းစားတိုင်း ဒီလိုကိစ္စတွေနဲ့ မကင်းဘူးဆိုတာ မင်းလည်း အသိပဲ။ ဆေးပေါင်းစုံလည်း ရှိနေတယ်ကွာ။ နောက်ဆုံး ဖြစ်တယ်ပဲ ထားဦး…သူ့အနေနဲ့ ဒါကို ဖြေရှင်းဖို့ လွယ်ပါတယ်။ သူမဖြေရှင်းတတ်ရင်လည်း မင်းကူညီပြီး ဖြေရှင်းပေးလိုက်ပေါ့ကွာ…”

            အဲ့ဒီနေ့က ကျွန်တော်နဲ့ သူစကားဆက်မပြောတော့ဘူး။ ဆက်ပြောရင် သူငယ်ချင်း အချင်းချင်း အခင်အမင်ပျက်ဖို့ပဲ ရှိတော့တယ်။ သေချာပြန်စဉ်းစားကြည့်တော့လည်း သူငယ်ချင်းဖြစ်သူ ပြောတာ မှန်သလိုလို။ ယောက်ျားလေးချင်းမို့ ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ဘူး။ နှမချင်း မစာနာပဲ ပြောတယ်လို့လည်း အထင်မခံနိုင်ဘူး။ ဒီတော့ သူတို့ပြဿနာ ကိုယ့်ပြဿနာ အဖြစ်မခံပဲ ဒီတိုင်း ယုန်ကလေး နှာစေးနေလိုက်တာပဲ ကောင်းသည်။

            ပထမတစ်လနီးပါးလောက်အထိ ကောင်မလေးနဲ့ ဖုန်းအဆက်အသွယ်ရပါသေးတယ်။ နောက်ပိုင်း သူလည်း မဆက်သွယ်တော့သလို ကိုယ်ကလည်း အလုပ်ကိစ္စတွေနဲ့ ရှုတ်ယှက်ခက် ခရီးတွေထွက်နဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ရော ကောင်မလေးနဲ့ရော အဆက်အသွယ်မရခဲ့တော့ဘူး။ 

            တစ်နှစ်နီးပါးလောက်ကြာတော့ ကျွန်တော် မော်လမြိုင်ဘက် အလုပ်ကိစ္စတစ်ခုနဲ့ရောက်တယ်။ မော်လမြိုင်မှာရှိတဲ့ ကျွန်တော့်မိတ်ဆွေရဲ့  အိမ်ကိုအလည်သွားရင်း ကောင်မလေးကိုတွေ့လိုက်ရတယ်။ ရုတ်တရက် မမှတ်မိပေမယ့် သေချာကြည့်မိတော့ ကျွန်တော့်သူငယ်ချင်းရဲ့ ရည်စားမှန်း သိလိုက်ရတယ်။ ရုပ်ကနည်းနည်းပြောင်းနေတော့ မမှတ်မိပဲ ဖြစ်သွားတယ်။ ကျွန်တော်က နှုတ်ဆက်တော့ ကျွန်တော့်မိတ်ဆွေက သိလို့လားလို့ မေးတယ်။ ရန်ကုန်မှာတုန်းက ခင်ခဲ့ဖူးတဲ့ မိတ်ဆွေတွေပါလို့ပြောတော့ ကောင်မလေးက ကျွန်တော့်ကို စိုးရိမ်တဲ့ မျက်လုံးတွေ၊ ရှက်နေတဲ့ အမူအယာတွေနဲ့ ပြန်ကြည့်တယ်။ 

            ကျွန်တော့်မိတ်ဆွေပြောပြလို့ ကောင်မလေးဟာ သူ့တူမလေးဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်လည်း ကောင်မလေးကို နေကောင်းလား ဘာတွေလုပ်နေလဲဆိုတဲ့ အလာပ သလာပ စကားတစ်ချို့ မှ အပ ဘာမှမပြောပဲ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်နဲ့ စကားပြောနေတုန်း ကလေးငိုသံကြားလို့ ကောင်မလေး အခန်းထဲပြေးဝင်သွားပြီး လသားအရွယ် ကလေးလေးကို ချီရင်း ပြန်ထွက်လာခဲ့တယ်။ ကလေးက ယောက်ျားလေးပါ။ မျက်နှာလေးက သူ့အမေနဲ့ ပိုပြီးဆင်သည်။ ဖြူဖြူလုံးလုံး ချစ်စရာလေး။ 

            ကလေးကိုမြင်တော့ ရုတ်တရက် ကျွန်တော့်အတွေးထဲ သူတို့ဇာတ်လမ်းရောက်လာသည်။ တကယ်လို့ အဲ့ဒီတုန်းက အဖြစ်အပျက်တွေ အမှန်ဆိုရင် ဒီကလေးလေးဟာ ကျွန်တော့်သူငယ်ချင်း ရဲနောင်ရဲ့  သားလေးဖြစ်နေမလား။

            သူ့ဦးလေးဖြစ်သူက ကျွတ်ကျွတ်ကျွတ်လုပ်ရင်း အိပ်ယာကနိုးလာတဲ့ ကလေးကို လှန်းချော့နေတယ်။ ကောင်မလေးက ကလေးအငိုတိတ်အောင် နို့တိုက်ရင်းနောက်ဖေးဘက်ဝင်သွားလိုက်တယ်။ ကျွန်တော့်မိတ်ဆွေကြီးက ကျွန်တော့်ကို အားနာတဲ့ လေသံနဲ့

            “အားနာလိုက်တာဗျာ…အိမ်ခေါ်ပြီး ဧည့်ခံရတာ…ကလေးက ခဏခဏငိုတတ်တယ်။ သူ့အမေလည်း အိပ်ရေးပျက်တယ်ဗျာ။ ကျွန်တော်လည်း သူတို့သားအမိရှိနေလို့သာပေါ့။ နို့မို့ဆို တစ်ယောက်တည်းဗျ။ ကျွန်တော့်မိန်းမက မနှစ်ကဆုံးသွားတယ်။ သားနှစ်ယောက်ရှိတာကလည်း တစ်ကောင်က ရန်ကုန်မှာ။ တစ်ကောင်ကတော့ တပ်ထဲမှာ။ အခု နေပြည်တော်မှာ။ မိသက်ရောက်လာလို့ အဖော်ရသွားတာ။ ခင်ဗျားနဲ့ မိသက်က ရန်ကုန်မှာ အသိတွေဆိုတော့ မိသက်အကြောင်း ဘာတွေသိထားသေးလဲဗျ”

            မိတ်ဆွေဖြစ်သူက ကျွန်တော့်ဆီမှ စကားစကို ရှာသည်။ ကျွန်တော်လည်း ဘာမှ မသိတဲ့ လူတစ်ယောက်လို ခေါင်းကို တွင်တွင်ခါပစ်လိုက်တယ်။ ပြီးမှ

            “ထွေထွေထူးထူးတော့ မသိပါဘူး…သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး တစ်ဆင့် ခင်ရုံပါ”

            “အေးဗျာ…ပြောရမှာလည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဆိုသလို ကျွန်တော့်တူမလေးအဖြစ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတစ်ယောက်အဖတ်တင်သွားတယ်လို့ပဲ ပြောရမှာပဲ”

            ကျွန်တော် ဆက်ပြီး နားထောင်နေမိသည်။

            “ရန်ကုန်မှာ ရှိတဲ့ ကျွန်တော့်ညီမကလည်း သူ့သမီးလေး အရှက်တကွဲ အကျိုးနည်းဖြစ်မှာ ဆိုးလို့ ကျွန်တော့်ဆီ လွှတ်ပြီး ကလေးကို မွေးခိုင်းတာပဲ။ ပထမ ဖျက်ချဖို့ လုပ်သေးတယ်။ ဒါပေမယ့် လူ့အသက်တစ်ချောင်းဆိုတာ ရခဲတယ် မဟုတ်လား။ ကျွန်တော်တို့ဟာ အပြစ်မဲ့တဲ့ ရင်သွေးလေးတွေရဲ့ ဘဝကို မဖျက်ဆီးရက်ဘူး။ ကုသိုလ်ကံ အကြောင်းပါလာလို့ သူများ စော်ကားတာခံခဲ့ရပေမယ့် ကျွန်တော်တို့ဟာ လူသားဆန်ဆန်တွေးပြီး လူ့အသက်တစ်ချောင်းကို ကယ်တင်ခဲ့တာပါ”

            “မိသက်မှာ ရည်းစားရှိတယ်။ သူ့ရည်းစားက သဘောင်္သားလေ။ သဘောင်္မတက်ခင် လူငယ်ချင်း ငြိစွန်းခဲ့ကြတာ။ ဒါသဘာဝလို့ ဆိုနိုင်ပေမယ့် မိသက်ရဲ့ ရည်စား သင်္ဘောသားက တာဝန်မဲ့တဲ့ အပြုအမူတွေနဲ့ မိသက်ကို ခွာခဲ့တယ်။ သူနဲ့ရတဲ့ ကလေးမဟုတ်ပါဘူးဆိုပြီး ငြင်းတယ်။ ကျွန်တော့်တူမက သတ္တိခဲဗျ။ ဒီကလေးကို ရအောင်မွေးခဲ့တာ။ တကယ်တော့ဗျာ…ကျွန်တော့်တူမကလည်း မစဉ်းစားတာ။ ဟိုကောင်က သင်္ဘောပေါ်မှာဆိုတော့ ကိုယ့်ဘက်က အတင်းအကြပ်လုပ်လို့မရဘူး။ သမီးရည်းစားသဘာဝ ဒီလိုကိစ္စတွေကို အကင်းပါးပါးဖြေရှင်းသင့်တာပေါ့။ တဖက်လူပြန်လာတော့မှ နားဝင်အောင် ပြောပြီး ယူသင့်ယူရမှာ။ အခုတော့ ဒီကလေးမကလည်း ခေါင်းကခပ်မာမာရယ်။ မွေးမယ် ဖွားမယ်ဆိုတော့ လင်ကောင်မပေါ်ပဲမွေးသလို မဖြစ်နေဘူးလားဗျာ”

            “ဒီအကြောင်းတွေ ခင်ဗျားကို ပြောပြရတာ ရှက်လည်းရှက်ပါတယ်ဗျာ။ ခင်ဗျားနဲ့ အသိအကျွမ်းတွေမို့လို့သာ ပြောပြဖြစ်တာပါ။ ပြီးတော့ အကူအညီလည်းတောင်းချင်လို့ပါ”

            “ပြောပါ။ ကျွန်တော်ဘာကူညီပေးရမလဲ”

            “ခင်ဗျားက စာအုပ်တိုက်မှာလုပ်တဲ့လူဆိုတော့ စာပေအသိုင်းအဝိုင်းထဲကလို့ပဲ ပြောရမှာပေါ့။ ဖြစ်နိုင်ရင် ကျွန်တော့်တူမလေးလို ကောင်မလေးတွေအတွက် ယောက်ျားတွေအပေါ် အယုံမလွယ်မိကြဖို့နဲ့ ခေတ်လူငယ်တွေပီပီ ခေတ်အသိအမြင်ရှိကြဖို့၊ မဖြစ်သင့်ပဲဖြစ်ရတဲ့ အခုလို ပြဿနာမျိုးတွေကို ကြိုတင်ကာကွယ်တတ်ဖို့၊ စိတ်အလိုလိုက်ရင်း မှားခဲ့ပြီ ပြဿနာဖြစ်ပြီဆိုရင်လည်း အရှက်နဲ့သိက္ခာထက် လူသားဆန်တဲ့ အတွေးတွေးပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြဖို့ အသိပညာပေးတဲ့စာမျိုး ခင်ဗျားရေးဗျာ။ ဒါမှ အခုခေတ်လူငယ်တွေအတွက် ရှောင်ရန် ဆောင်ရန်တွေ နားလည်သဘောပေါက်ကြမှာ”

            ကျွန်တော် ပြန်ခါနီး မိသက်ကို နှုတ်ဆက်တော့ မိသက်က ကျွန်တော့်ကိုမှာတယ်။ 

            ကျမ ဒီမှာရှိနေတယ်ဆိုတာရယ် သားလေးတစ်ယောက်မွေးထားတယ်ဆိုတာ ကိုရဲနောင်ကို လုံးဝမပြောပါနဲ့တဲ့။ သူနဲ့ လုံးဝမတွေ့ချင်တော့ပါဘူးဆိုပြီး ကျွန်တော့်ကိုမှာတယ်။

            ကျွန်တော် မိသက်တို့သားအမိအတွက် လက်ဆောင်တွေဝယ်ပေးခဲ့ပြီး ရန်ကုန်ပြန်ရောက်တဲ့အထိ စိတ်ထဲ တစ်မျိုးခံစားနေမိသည်။ 

            ရဲနောင်နဲ့သူမတို့ရဲ့ ဇာတ်လမ်းကိုတွေးရင်း ရင်ထဲမကောင်းဖြစ်ရသည်။ ပိုဆိုးတာက အပြစ်ကင်းတဲ့ ကလေးလေးရဲ့ မျက်နှာလေးကို မျက်စိထဲ မြင်လိုက်တိုင်း ရဲနောင်ကို အားရပါးရထိုးပစ်ချင်စိတ်တွေ တဖွားဖွားပေါက်လာ မိသည်။ 

            နောက်ပိုင်း မော်လမြိုင်ရောက်တိုင်း မိသက်တို့သားအမိအတွက် လက်ဆောင်တွေ ဝင်ဝင်ပေးဖြစ်သည်။ လိုအပ်ရင် လိုအပ်သလို ငွေကြေးထောက်ပံ့ ကူညီဖြစ်သည်။ မိသက်တို့ တူဝရီးတွေကလည်း ကျွန်တော့်ကို တော်တော်ခင်သွားကြသည်။ ကျွန်တော်လည်း သူတို့အိမ် မကြာခဏဆိုသလို ဝင်ထွက်သွားလာဖြစ်တော့သည်။ ဒါကြောင့်လည်း မိသက် (ခ) သက်သက်အောင်တို့ သားအမိကို ပိုပြီးသနားမိလာသည်။ ရဲနောင်ကို အဖြစ်မှန်တွေသိစေချင်သည်။ တစ်နေ့ ရဲနောင်ပြန်လာရင် ပြောပြဖို့လည်း ဆုံးဖြတ်ထားသည်။ ကျွန်တော့်မိတ်ဆွေကြီး ပြောသလို ပညာပေးစာ ရေးဖို့ကလည်း မရေးဖြစ်သေး။

            သိပ်မကြာခင်မှာပဲ ရဲနောင် သင်္ဘောဆင်းလာသည်။ ထုံးစံအတိုင်း ကျွန်တော့်ဆီလာသည်။ သူငယ်ချင်းနှစ်ယောက် ဘီယာသောက်ရင်း စကားစမြည်ပြောဖြစ်ကြသည်။ သူမိန်းမယူတော့မယ့်အကြောင်းလည်း ပြောသည်။ အိမ်ကပေးစားတဲ့ သူနဲ့ပဲ ယူတော့မယ်လို့ ပြောသည်။ ကျွန်တော့်ကို သူတို့မယူခင် ဗေဒင်သွားမေးရအောင် လိုက်ခဲ့ပါလို့ ပြောလာသည်။

            ရဲနောင်ရဲ့ ဗေဒင်သွားမေးရအောင် လိုက်ခဲ့ပေးဦးလို့ ခေါ်သံကို ကြားတော့ ကျွန်တော့် စိတ်ထဲ နင့်ကနဲဖြစ်သွားသည်။ 

            “သူငယ်ချင်း အဲ့ဒီဗေဒင်ဆိုတာကြီးကို မင်းဘာလို့ အခုထိယုံနေရတာလဲ…မင်းအဲ့လို ဗေဒင်အမေးကောင်းလို့ မဖြစ်သင့်တဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ရပြီးပြီ”

            ကျွန်တော် အဲ့လိုပြောတော့ သူကပြန်မေးသည်။

            “ဘာတွေများ မဖြစ်သင့်တာ ဖြစ်ခဲ့လို့လဲ။ မင်းက သက်သက်အောင်နဲ့ကိစ္စကို ပြောချင်တာလား”

            “ရဲနောင်…မင်းကိုငါ အတည်မေးမယ်ကွာ။ မင်း တကယ်ပဲ သက်သက်အောင်နဲ့ မဖြစ်ခဲ့ဘူးလား”

            “ဟားဟားဟား…သောက်ရမ်းရယ်ရတယ် သူငယ်ချင်းရာ…မင်းမေးခွန်းက အမှတ်ပေးစည်းမျဉ်းထဲမှာ မပါတော့ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီလို မေးခွန်းမျိုး ဒီဘက်ခေတ်မှာ ဘယ်သူမှ မမေးတော့ဘူး။ မေးရင်လည်း မေးတဲ့ကောင် ငပေါပဲ။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားတိုင်းဟာ ဒီလိုကိစ္စမျိုး ထမင်းစားရေသောက်ကွ”

            “ထမင်းစား ရေသောက်လို့ မင်းပြောရင် တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာကိုတော့ မင်းနားလည်မှာပေါ့”

            “ဘာလဲ မင်းက ဘုန်းကြီးဝတ်မယ့်ကောင်ဆိုတော့ ငါ့ကိုကြိုပြီး တရားဟောနေတာလား။ ဒါဆိုရင်တော့ ဆောရီးပဲ။ မင်းလိုလူမျိုးတွေကြောင့်ခက်တာ။ ခေတ်ကို ခေတ်အမြင်နဲ့ မကြည့်တတ်သေးပဲကွ။ မင်းတွေးသလို မင်းပြောသလို တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုရင် ငါစားဖူးတဲ့ ထမင်းလုတ်တွေ အများကြီးပဲ။ ငါ့မှာ ကျေးဇူးတွေ ဆပ်ရမှာ မနည်းမနော ဖြစ်နေပြီပေါ့ ဟုတ်လား…ဟားဟားဟား”

            “ရဲနောင် မင်းက မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ မင်းမှာလည်း အစ်မရှိတယ်ကွာ။ နှမချင်းကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေးတော့ မွေးသင့်ပါတယ်။ မင်းပြောသလို မင်းစားဖူးတဲ့ ထမင်းလုတ်တွေဟာ အခကြေးငွေပေးပြီး ဝယ်စားတာပဲဖြစ်ဖြစ်၊ အလကားကျွေးလို့ စားတာပဲဖြစ်ဖြစ်၊ မင်းသိထားဖို့က ယောက်က်ျားဆိုတာ တာဝန်ယူရဲရတယ်ကွ။ တာဝန်မယူချင်ရင် အစောကြီးတည်းက ဆင်ခြင်ရမှာ..”

            “သူငယ်ချင်း…မင်းငါ့ကို ဘာပြောချင်တာလဲ။ ဒဲ့ပဲပြော။ ဝေ့လည်ကြောင်ပတ်နဲ့ စကားကို လှည့်ပတ်ပြီး ပြောမနေနဲ့ကွာ။ ယောက်ျားတွေပဲ။ မင်းနဲ့ငါဆိုတာကလည်း သူငယ်ချင်းအရင်းကြီးတွေ။ ပြောစရာရှိပွင့်ပွင့်လင်းလင်းပဲပြော။ မင်းငါ့ကို သက်သက်အောင်နဲ့ ပတ်သက်ပြီး မကျေနပ်နေတာမဟုတ်လား။ ငါပြောပြီးပြီပဲ။ သူ့မှာ ကိုယ်ဝန်ရှိတယ်ဆိုတာ ငါနဲ့ရတာပါလို့ ဘယ်လို သက်သေပြမလဲ။ ရှင်းရှင်းပြောရရင်ကွာ ငါသင်္ဘောတက်သွားပြီးတဲ့နောက် သူတစ်ယောက်ယောက်နဲ့ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာပဲ။ ပြီးမှ ငါနဲ့ဘာလို့ ပြောရင်ရော ငါက ဟုတ်မှာပါဆိုပြီး လက်ခံရမှာလား။ သူငယ်ချင်း မင်းလည်း ယောက်ျားထဲက ယောက်ျားတစ်ယောက်ပဲ။ မင်းဆိုရင်ရော…”

            “ငါဆိုရင်တော့ ကိုယ်လုပ်ခဲ့တဲ့အလုပ်အတွက် တာဝန်ယူမှာပဲ”

            “ငါလည်း ငါလုပ်ခဲ့တဲ့အလုပ်ကို တာဝန်မယူဘူး မပြောပါဘူး။ ဒါပေမယ့် ငါ့မျက်ကွယ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက်တော့ ငါတာဝန်မယူနိုင်ဘူး”

            “ဒါ မင်း လူမဆန်တာပဲ။ သက်သက်အောင်ရဲ့ သိက္ခာကိုပါ စော်ကားလိုက်တာ။ မင်း မျက်ကွယ်မှာ သက်သက်အောင်ဟာ ဖြစ်ချင်တိုင်း ဖြစ်ခဲ့ပြီးမှ မင်းကို ဓါးစာခံလုပ်ပါတယ်လို့ မင်းထင်နေတာလား”

            “ဓါးစာခံ လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ နောက်ဆုံးကွာ ငါနဲ့ဖြစ်တယ်ပဲထားဦး သူဒါကို ဖျက်ချသင့်တယ်။ သူနဲ့ငါဟာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သူသိတာပဲ။ သူ့ဘဝကို အသစ်ကနေပြန်စလို့ ရနေရက်နဲ့ ဘဝအပျက်ခံတာကတော့ သူ့သမိုင်းပေါ့ကွာ”

            “သူ့သမိုင်းမဟုတ်ဘူး။ အခု မင်းသမိုင်းဖြစ်နေပြီ။ သက်သက်အောင်မှာ မင်းနဲ့ရတဲ့ သားလေးတစ်ယောက်ရှိနေပြီ။ ငါ သူတို့သားအမိနဲ့ တွေ့ခဲ့ပြီးပြီ”

            ကျွန်တော့်စကားအဆုံးမှာတော့ ရဲနောင် အနည်းငယ် မှိုင်သွားတာ သတိထားလိုက်မိသည်။ 

            “သားလေး ဟုတ်လား…”

            ခဏလေးအတွင်းမှာ ဖြစ်ပေါ်သွားတဲ့ ရဲနောင်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ခံစားချက်ဟာ သူ့မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလိုပဲ အမူအယာ ချက်ချင်းပြောင်းသွားသည်။

            “ဘာ…သားဟုတ်လား…မင်း တော်တော်ရယ်ရတာပဲ။ ဒီမယ် မင်းဝေ…ငါ့ကို မင်းရေးနေတဲ့ ဝတ္ထုဇာတ်လမ်းတစ်ပုဒ် ပြောပြနေတာလား။ ဒါမှ မဟုတ် မင်းဇာတ်ညွှန်းရဖို့ ငါ့ကို ဇာတ်ကောင်တစ်ကောင်အဖြစ် အသုံးချနေတာလား။ ပြော ပြော…ပြောစမ်း မင်းဝေ…”

            ထိုညက ရဲနောင်အိမ်ကို ကျွန်တော်လိုက်ပို့ပေးလိုက်ရသည်။ ဒီကောင်တော်တော်မူးသွားသည်။ ကျွန်တော်လည်း ပြောသင့်ပြောထိုက်တဲ့စကားကို ပြောပြလိုက်ရ၍ စိတ်ထဲပေါ့သွားသည်။ 

            နောက်တစ်နေ့ ရဲနောင် ကျွန်တော့်ဆီ ဖုန်းဆက်လာပြီး သက်သက်အောင်နဲ့ကလေးကို သွားတွေ့ချင်တဲ့အကြောင်း ပြောသည်။ ကျွန်တော်လည်း သက်သက်အောင်က မပြောပါနဲ့လို့ မှာထားတော့ ပြောမထွက်။ ဒါပေမယ့် သူတို့ကိုလည်း ပြန်အဆင်ပြေစေချင်သည်။ ကျွန်တော် ဂတိဖျက်လိုက်လို့ သူတို့ဘဝတွေ ပြန်လည်ပေါင်းစည်း သာယာသွားမယ်ဆိုရင် ကျွန်တော် ဂတိမတည်တဲ့လူ အဖြစ်ခံလိုက်ပါမယ်။

            ကျွန်တော်နဲ့ ရဲနောင် မော်လမြိုင်ကိုထွက်ခဲ့ကြသည်။ ရဲနောင်ကတစ်လမ်းလုံး စိတ်လှုပ်ရှားနေသည်။ သက်သက်အောင်နဲ့ တွေ့ဖို့ထက် သူ့ရင်သွေးကို တွေ့ဖို့ စိတ်တွေဂနာမငြိမ်ဖြစ်နေသည်။ 

            ကျွန်တော်တို့နှစ်ယောက် မော်လမြိုင်ရောက်ခါနီး လမ်းမှာမိုးတွေ ရွာချတော့သည်။ မိုးကသည်းသည်းမည်းမည်းရွာချ လာ၍ ကားကို အရှိန်လျှော့မောင်းလာရသည်။ သို့သော် လမ်းကွေ့တစ်ခုမှာ ရုတ်တရက် စက်ပျက်နေသော ကုန်ကားကြီးကို တွေ့လိုက်ရ၍ ရဲနောင် စတီယာတိုင်ကို အားကုန်လွှဲရှောင်လိုက်ရာ တဖက်မှ လာနေသော ကားနှင့် တိုက်မိကြတော့သည်။

            ကျွန်တော့်မျက်စိတွေ ဝေဝါးနေသည်။ မိုးရေနဲ့အတူ ခေါင်းမှ သွေးများကလည်း တစ်ကိုယ်လုံးရွှဲနစ်နေသည်။ ကျွန်တော့်ဘေးမှ ကားမောင်းလာတဲ့ ရဲနောင်ကို ကျွန်တော်မတွေ့တော့ပေ။ 

            ရဲနောင်…ရဲနောင်…မင်းဘာဖြစ်သွားသေးလဲ

            ကျွန်တော် အားယူကုန်းထပြီး ကားတံခါးဘေးလဲကျနေသော ရဲနောင်ကို ဆွဲမလိုက်သည်။ ရဲနောင်မျက်နှာတစ်ပြင်လုံး သွေးတွေပေကျံနေ၏။ မိုးက သည်းသထက် သည်းလာသည်။ ကျွန်တော်တို့နားမှာ လူလေးငါးဆယ်ယောက်လောက် ဝိုင်းလာသည်။ ပြီးတော့ ကျွန်တော့်ကို ဆွဲထူကြပြီး ဆေးရုံအမြန်ပို့မှ ဖြစ်မယ်ဆိုကာ ကားတစ်စီးပေါ် တင် မောင်းထွက်ကြသည်။ ကျွန်တော့်သူငယ်ချင်း ရဲနောင်ကိုတော့ သူတို့ လုံးဝမခေါ်လာကြတော့ပေ။

            ကျွန်တော်က သတိမမေ့အောင် ထိန်းထားရင်း ကားနဲ့ဆေးရုံလိုက်ပို့တဲ့ လူတွေကိုမေးသည်။ 

            ကျွန်တော့်သူငယ်ချင်းရော…သူ့ကိုဘာလို့ မခေါ်ခဲ့ကြတာလဲ လို့မေးတော့ လူတစ်ယောက်ကဖြေသည်။

            ခင်ဗျားသူငယ်ချင်းက ဆုံးသွားပြီ။ ပြီးတော့ ကားလည်းပိနေတယ်။ ဆွဲထုတ်လို့မရသေးဘူး။ ခင်ဗျားကို ဆေးရုံအရင်ပို့ဖို့ အရေးကြီးလို့ ခေါ်လာတာ။

            ဗျာ…ရဲနောင် ဆုံးပြီ…ဟုတ်လား။      

            ကျွန်တော့်မျက်လုံးတွေ ဖွင့်ကြည့်နိုင်ပြီး သတိပြန်ရလာတဲ့အခါ ကျွန်တော်ဟာ ဆေးရုံပေါ်မှာရောက်နေခဲ့ပါသည်။ ကျွန်တော့်ဘေးမှာ ထူးဆန်းစွာတွေ့လိုက်ရတာကတော့ သက်သက်အောင်ပင်ဖြစ်သည်။ 

            “ဟင်…သက်သက်အောင်…ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ”

            “တိုက်ဆိုင်မှုလို့ပဲ ပြောရမလား ကိုမင်းဝေ…အဲ့နေ့ညက ရှင်တို့ကားနဲ့ဝင်တိုက်လိုက်တဲ့ကားဟာ ကျမဦးလေးမောင်းလာတဲ့ကားပဲ”

            “အော်….ဦးစောလွင်ရော ဘာဖြစ်သွားသေးလဲ”

            “ဦးလေးလည်း ဆုံးသွားတယ်”

            “ဟာဗျာ…စိတ်မကောင်းစရာပဲ။ ကျွန်တော့်အမှားပါဗျာ။ သက်သက်အောင်ကိုပေးထားတဲ့ ဂတိဖျက်ပြီး ရဲနောင်ကို မော်လမြိုင်လိုက်ပို့မိတာ။ ဒါဆို သက်သက်အောင် ရဲနောင်ဆုံးသွားတာရော သိပြီးပြီပေါ့”

            “ကျမ အားလုံး သိပြီးပါပြီ”

            “ကျွန်တော် သက်သက်အောင်ကို ပေးထားတဲ့ ဂတိကိုဖောက်ပြီး ရဲနောင်ကို လိုက်ပို့ပေးမိလို့ အခုလို ဖြစ်ရတာပဲ။ ကျွန်တော့်ကြောင့် ဖြစ်ရတာ။ ကျွန်တော့်ကို ခွင့်မလွှတ်ကြပါနဲ့ဗျာ”

            “ကိုမင်းဝေ…စိတ်ကို ငြိမ်ငြိမ်ထားပါ။ ကိုမင်းဝေ အပြစ်မှ မဟုတ်ပဲ။ ကားမောင်းလာတဲ့နှစ်ယောက်စလုံးလည်း သေသွားကြပြီပဲ။ လောလောဆယ် ကိုမင်းဝေ ဝေဒနာ သက်သာဖို့အရေးကြီးပါတယ်”

            သက်သက်အောင်က ကျွန်တော့်လက်ဖဝါးကို ကိုင်ရင်း အားပေးသည်။ 

            “ကျွန်တော် ဘယ်တော့လောက် ဆင်းရမလဲ”

            “ဆရာဝန်တွေ အပြောအရတော့ ကိုမင်းဝေ သတိရတာနဲ့ ဆင်းရတော့မှာပါ”

            “ဦးစောလွင်ဆုံးသွားတဲ့အတွက် သက်သက်အောင် ဝမ်းနည်းနေမှာပဲနော်…ပြီးတော့ ဒီလိုအချိန်မျိုးမှာ ကျွန်တော့်နား ရှိနေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ”

            သက်သက်အောင်က ပြုံးလိုက်သည်။ ပြီးတော့ သူချက်လာတဲ့ ဆန်ပြုတ်ကို ပန်းကန်ထဲထည့်လိုက်ရင်း

            “ကိုမင်းဝေက တစ်ကောင်ကြွက်ဆိုတာ ကျမသိတယ်။ ပြီးတော့ မော်လမြိုင်မှာလည်း မိတ်ဆွေဆိုလို့ ဦးလေးပဲရှိတာမဟုတ်လား။ အခုတော့ ဦးလေးကလည်း ဆုံးသွားတော့ ကိုမင်းဝေလို ဆေးရုံပေါ်ရောက်နေတဲ့ လူနာတစ်ယောက်ကို ကျမ ဒီတိုင်းပစ်မထားရက်ပါဘူး”

            “ကျေးဇူးတင်ပါတယ် သက်သက်အောင်…ဒါနဲ့ သက်သက်အောင် သားလေးရော”

            “အိမ်မှာ မေမေတို့လည်းရောက်နေတော့ ထားခဲ့တယ်။ ကျမက ကိုမင်းဝေ အတွက် ဆန်ပြုတ်လာပို့ပေးတာလေ။ အရင်နေ့တွေကလည်း ကျမလာကြည့်သေးတယ်။ ကိုမင်းဝေသတိမရသေးလို့ ဘာမှ မကျွေးရပဲ ပြန်ခဲ့ရတာ”
           
            သက်သက်အောင် ခွံကျွေးသော ဆန်ပြုတ်ကို သောက်ရင်း ကျွန်တော်မျက်ရည်များကျလာမိသည်။ သူငယ်ချင်းဖြစ်သူ ရဲနောင်ကို လွမ်းတာလည်း ပါသလို အခုလို အမြဲတမ်း ပြုစုယုယမယ့်သူမရှိ တစ်ယောက်တည်းသမား ဖြစ်တဲ့ ကျွန်တော်လိုလူကို ဂရုတစိုက် ပြုစုပေးတာခံရတော့ ကြည်နူးမိပြီး မျက်ရည်များပင် ကျမိတော့သည်။

            နောက်နေ့ မနက်စောစောပင် သက်သက်အောင် ကျွန်တော့်ဆီရောက်လာသည်။ လက်ဖက်ရည်နဲ့ မုန့်လာကျွေးသည်။ ကျွန်တော်နဲ့ စကားတွေပြောဖြစ်သည်။ ဆေးရုံပေါ်မှာ တစ်ယောက်တည်း အထီးကျန်နေရမယ့် ကျွန်တော့်အတွက် သူက အားဖြည့်ပေးသည်။ နေ့ခင်း ထမင်းစားချိန် တစ်ခေါက်လာပြီး ထမင်းကျွေးသည်။ ညနေစာ လာကျွေးသည်။ တစ်နေ့ သုံးကြိမ်ပုံမှန်ရောက်လာပြီး ပြုစုပေးသည်။ 

            ဒီလိုနဲ့ နှစ်ရက်လောက် ဆေးရုံပေါ်နေပြီး ကျွန်တော်ဆေးရုံက ဆင်းခွင့်ရတော့သည်။ အဲ့ဒီနေ့ မနက်က ကျွန်တော့်စိတ်ထဲမှာ မသိမသာလေးကိန်းအောင်းလာတဲ့ ခံစားမှုတစ်ခုကို သိလိုက်ရသည်။ သက်သက်အောင်ကို မျှော်နေမိသည်။ ခါတိုင်း မနက်ဆို ဒီအချိန်ရောက်လာနေကျ။ ဒီနေ့ကျမှ အခုထိ ရောက်မလာသေးပေ။

            “ကိုမင်းဝေ…”

            ခေါ်သံကြားရာသို့ လှည့်ကြည့်မိတော့ သက်သက်အောင်ကို သူ့ကလေးချီထားရက်တွေ့လိုက်ရသည်။ ကျွန်တော် အရမ်းဝမ်းသာသွားသည်။ မျှော်နေသူကို တွေ့လိုက်ရ၍            အားတက်သွားသည်။ သက်သက်အောင်က ကျွန်တော့်နား တဖြေးဖြေးချင်းကပ်လာသည်။ ပြီးတော့ ကျွန်တော့်အတွက် သူယူလာတဲ့ လက်ဖက်ရည်ဗူးလေး လှန်းပေးသည်။

            “ကျမ ကိုမင်းဝေကို ကုတင်မှာသွားရှာသေးတယ်။ ဆရာမတွေက ဆင်းသွားပြီပြောလို့ ဒီလက်ဖက်ရည်လေး မတိုက်လိုက်ရတော့ဘူးလို့ထင်နေတာ။ ကိုမင်းဝေ ဒီမှာ ဘာလုပ်နေတာလဲဟင်…”

            သက်သက်အောင်ရဲ့ အမေးကို ကျွန်တော်ဖြေဖို့ နှုတ်ကပြင်လိုက်ပေမယ့် ပြောမထွက်ခဲ့ပေ။ တကယ်တော့ ကျွန်တော် သက်သက်အောင်ကို မျှော်နေတာလို့ ဖြေလိုက်ချင်ပါသည်။

            ကျွန်တော် သက်သက်အောင်မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်နေမိသည်။ ရွှန်းလဲ့တောက်ပနေသော သူမ မျက်ဝန်းများသည် ကျွန်တော့်ကို နှောင်ဖွဲ့ နေလေသည်။ ကျွန်တော့်အကြည့်များကြောင့် သက်သက်အောင် မျက်နှာလွှဲ လိုက်သည်။ ချီထားတဲ့ကလေးကို လက်တစ်ဖက်မှ တစ်ဖက်သို့ပြောင်းလိုက်သည်။ 

            ကျွန်တော်လည်း သူမလက်ထဲမှ ကလေးကို လှန်းယူပြီးချီလိုက်သည်။ သက်သက်အောင်က လက်ဖက်ရည်လေး သောက်သွားနော်ဆိုပြီး ဗူးလေးထိုးပေးသည်။ အဲ့ဒီအခါ ကျွန်တော့်အသိစိတ်ရဲ့ လှုံ့ဆော်မှုတွေဟာ နှုတ်မှပွင့်အံကျလာခဲ့သည်။ 

            “ကျွန်တော် သက်သက်အောင် ဖျော်တိုက်တဲ့ လက်ဖက်ရည်ကို နေ့တိုင်းသောက်ချင်လိုက်တာဗျာ”

            “ရှင်…”

            “ကျွန်တော် သက်သက်အောင်တို့ သားအမိကို တစ်သက်လုံးစောင့်ရှောက်သွားပါရစေ”

            ကျွန်တော် အဲ့လိုပြောလိုက်တော့ သက်သက်အောင်က ဘာမှ တုန့်ပြန်မှုမရှိပဲ ခေါင်းငုပ်နားထောင်နေသည်။

            ကလေးကို တစ်ဖက်ကချီထားရက်နဲ့ ကျန်လက်တစ်ဖက်သည် သက်သက်အောင် ခန္ဓာကိုယ်လေးကို ကျွန်တော့်ရင်ခွင်ထဲ ဆွဲသွင်းမိလိုက်သည်။ သက်သက်အောင်ကလည်း အလိုက်တသင့်ပဲ ကျွန်တော့် ရင်ခွင်ထဲ တိုးဝင်လာပါတော့သည်။

            ကံကြမ္မာသည် ဆန်းကြယ်သည်။ ပြီးတော့ တစ်ခုပြောရဦးမယ်။ ဗေဒင်တွေ အယုံအကြည်မရှိဘူးလို့ ကျွန်တော်ပြောခဲ့ပေမယ့် ဟိုတစ်လောက မိတ်ဆွေ လက္ခဏာသမားတစ်ယောက်နဲ့တွေ့တော့ သူက ကျွန်တော့်လက္ခဏာကို ကြည့်ပြီး ဟောတယ်။ ဒီနှစ်ထဲ ခန္ဓာကြွေကိန်းရှိတယ်။ ယတြာချေပါတဲ့။ ကျွန်တော့်ကို ညောင်ပင်မှာ ကိုင်းထောက်ခိုင်းပါတယ်။ ပြီးတော့ သူက ဆက်ဟောတယ်။ အိမ်ထောင်ကျကိန်းမြင်တယ်တဲ့။ မုဆိုးမတွေ၊ တစ်ခုလပ်တွေနဲ့ညားလိမ့်မယ်တဲ့။ အဲ့ဒီအတွက်တော့ ဘာယတြာမှ မချေနဲ့တဲ့။ ချေလည်း မထူးဘူး။ အကြောင်းကိုက ရှိပဲသားလို့ သူပြောလိုက်ပါတယ်။ 

            ကျွန်တော်မပြောဘူးလား။ ဗေဒင်တွေများ မကောင်းတာဖြစ်မယ်ဆိုရင် မှန်တတ်သည်။ ညောင်ကိုင်းထောက်လိုက်လို့ အသက်ဘေးက သီသီလေးလွတ်သွားပေမယ့်…. …… ……။ 


ကျေးဇူးတင်ပါသည်။
အပါ
၂၅-၅-၁၂