Tuesday, August 16, 2011

ချစ်သွေးသက်သေ

နှစ်ယောက်စလုံးကိုလဲချစ်တယ်။ နှစ်ယောက်စလုံးကလဲချစ်တယ်။ ကျနော်ဘယ်လိုရွေးချယ်ရမလဲ။
**********
ရိုစ့်က ကျနော့်လက်ကို တင်းကျစ်နေအောင်ဆုတ်ထားလိုက်သည်။ သူမနှုတ်ဖျားမှ တစုံတရာပြောဖို့ အားယူနေပုံရသည်။ ပြီးတော့ သူမမျက်ဝန်းတွေဆီမှ ပြိုကျဆဲဆဲ မျက်ရည်စများကရီးလေးခိုနေ၏။
ကျနော် ရိုစ့် နှာဖူးထိပ်ကလေးကို ညင်သာစွာ နမ်းရှိုက်ပေးမိသည်။

“စိတ်မကောင်းမဖြစ်ပါနဲ့ကွာ။ ကိုယ် တောင်းပန်ပါတယ်။ တကယ်တော့…”
ရိုစ့်က ကျနော့် ပါးစပ်ကို သူ့လက်ချောင်းများနဲ့ ပိတ်လိုက်ပြီး ဆက်မပြောပါနဲ့ ဆိုတဲ့ပုံစံနဲ့ ခေါင်းခါပြလိုက်သည်။ ပြီးတော့ ကျနော့်ရင်ခွင်ထဲခစားတိုးဝင်လာခဲ့သည်။
                                                **********
ဒီမနက်ခင်းရဲ့  အလှအပတွေထဲမှာ ကျနော်ပထမဆုံးတွေ့လိုက်ရတာကတော့ ရိုစ့်ရဲ့ အလှပါပဲ။
သူမက ကျနော့်အတွက် breakfast ကော်ဖီ၊ပေါင်မုန့်မီးကင်နဲ့ ကြက်ဥကြော် ပြင်ဆင်ပေးထားသည်။ ပြီးတော့ ကျနော်ကြိုက်တတ်တဲ့ ဂျေလိုရဲ့  on the floor သီချင်းကို ဘေ့စ်သံခပ်ပါးပါးလေးနဲ့ ဖွင့်ပေးထား၏။
ကျနော့်ဘေးမှာ မတ်တပ်ရပ်ရင်း ပေါင်မုန့်ထောပတ်သုတ်လုပ်ပေးနေတဲ့ သူမကို တစ်ကိုယ်လုံးပါအောင် သိမ်းကျုံးဖတ်ပစ်လိုက်မိသည်။

“ရိုစ့် မင်းအရမ်းချစ်ဖို့ကောင်းတယ်။ ဘာကြောင့်ငါ့အပေါ်ဒီလောက်ကောင်းရတာလဲ။ ငါမင်းအပေါ်မှာ မတရားသလို ခံစားမိတယ်။”
“ရှင့်လိုလူကို ချစ်မိတဲ့ ကျမမှာပဲအပြစ်ရှိတာပါ။ ကျမလေ…ရှင့်ကို သိပ်ချစ်တယ်။ ရှင် ဘယ်သူနဲ့ပဲနေနေ…ကျမကိုရှင်သတိတရရှိနေပေးမယ်ဆိုရင်ပဲ ကျမကျေနပ်ပါတယ်။”

အဲ့ဒီနေ့က ကျနော်နဲ့ရိုစ့် တစ်နေကုန် တိုက်ခန်းထဲမှာပဲနေဖြစ်ကြတယ်။ ရိုစ့် ချက်ပြုတ်ကျွေးတဲ့ အစားအစာတွေစား၊ နှစ်ယောက်သား သီချင်းတွေနားထောင်ရင်း အချစ်ကမ္ဘာထဲ သာယာငြိမ့်ငြောင်းစွာဖြတ်သန်းခဲ့ကြတယ်။
ညနေစောင်းလောက်မှပဲ ကျနော် သူမတိုက်ခန်းကနေပြန်ခဲ့ဖြစ်သည်။ ရိုစ့်ကတော့ မျက်နှာငယ်လေးနှင့် ကျနော့် အနောက်မှာကျန်ရစ်ခဲ့သည်။
နေရစ်ခဲ့တော့ ရိုစ့်ရေ…ဘယ်တော့လောက်များမှ မင်းဆီတစ်ခေါက်ပြန်ရောက်လာမလဲ ငါကိုယ်တိုင် မခန့်မှန်းနိုင်သေးဘူးလေ။

                                                **********
ကျနော် အိမ်ပြန်ရောက်တော့ ဟယ်လင်တို့သားအမိရောက်နေကြသည်။ ဟယ်လင်က ကျနော့်မြင်တယ်ဆိုရင်ပဲ အပြေးလေးအိမ်ပေါက်ဘက်ထွက်လာတော့သည်။

“ကိုကို…ညက ဟယ်လင်ဖုန်းတွေဆက်တိုက်ခေါ်နေတာ…ကိုကို ဘယ်တွေသွားနေတာလဲဟင်။ အိမ်လဲပြန်မအိပ်ဘူးဆို”
ဟယ်လင်က ကျနော့်ထက် ၈နှစ်ငယ်သည်။ ငယ်ငယ်ထဲက ဟယ်လင်တို့မိသားစုနဲ့ ကျနော်တို့မိသားစုဟာ နှစ်အိမ့်တစ်အိမ် နေနေခဲ့ကြတာပါ။ ကျနော့်အပေါ် အမြဲ ကလေးလေးလိုနွဲ့ဆိုးဆိုးတတ်တဲ့ ဟယ်လင်ကို ကျနော် ညီမလေးတစ်ယောက်လို ချစ်ပါသည်။ ဒါပေမယ့် မနက်ဖြန်မှာ လက်ထပ်ရတော့မယ့် အိမ်ထောင်ဖက်၊ ဘဝလက်တွဲဖော်အဖြစ်နဲ့တော့ ဘယ်လိုမှ ခံစားကြည့်လို့မရဖြစ်နေမိသည်။ သို့သော် အလွန်ဖြူစင်သန့်ရှင်းတဲ့ ဟယ်လင့်လို ကောင်မလေးကို ကျနော်ချစ်တယ်ဆိုတာကိုတော့ ဝန်ခံပါသည်။
                                                **********
ခန်းမအပြည့်ဧည့်ပရိသတ်တွေကြားမှာ ကျနော်ဟာ မိန်းမလှလေးဟယ်လင့်ရဲ့  သတို့သားအဖြစ် ရှိနေခဲ့ရတာ ကြည်နူးစရာကောင်းသလိုလိုပင်။ ပြီးတော့ ကျနော့် ဘော်ဒါတွေဆီက မင်းသိပ်ကံကောင်းတဲ့ကောင်ပဲလို့ပြောလာပြန်တော့ ကိုယ့်ကိုကိုယ်ဂုဏ်တောင်ယူမိသည်။
ဘာပဲပြောပြော နောက်ဆုံးတော့ ကျနော်နဲ့ ဟယ်လင် အကြင်လင်မယားတွေဖြစ်ခဲ့ကြပါပြီ။

ကျနော်တို့နှစ်ယောက်ရဲ့ မင်္ဂံလာဦးညဟာ ကမ္ဘာပေါ်မှာ ရင်ခုံသံအမဲ့ဆုံးညပါ။ ကျနော်ကလက်ဖွဲ့ရလာတဲ့ ဝိုင်တစ်ပုလင်းကိုဖောက်ပြီး နှစ်ယောက်သား အချစ်နယ်မြေသစ်ကို လမ်းစလျှောက်ဖို့ ပြင်ဆင်ပေမယ့် ဟယ်လင်ကတော့ သူ့အမေနဲ့အဖေကို လွမ်းလို့တစ်ညလုံး ငိုနေခဲ့သည်။
ကျနော့် မဂ်လာဦးညသည် အဲ့သလောက်ထူးဆန်း၏။ ကျနော် သူမကို ချော့ပါသေးသည်။ ထုံးစံအတိုင်း ဟယ်လင်က ကျနော့်ကို နွဲ့ဆိုးဆိုးတော့သည်။ အငိုတိတ်စေချင်ရင် ရုပ်ရှင်လိုက်ပြရမယ်တဲ့။ ကျနော်က ဒီနေ့ဟာ ကိုယ်တို့နှစ်ယောက်ရဲ့  မင်္ဂံလာဦးညလေ…အဲလိုအပြင်မထွက်ကောင်းဘူး။ အိမ်ထဲမှာပဲ နေရမှာလို့ပြောပေမယ့် ဟယ်လင်လေးက ရွှေမျက်နှာတော်ငြှိုးပါလို့ အငိုမတိတ်မယ့်အပြင် ပိုလို့ပင်ဆိုးလာပါတော့သည်။ ခေါင်းအုံးတွေလွှင့်ပစ်၊စောင်တွေလွှင့်ပစ်လုပ်လာပါတော့သည်။ နောက်ဆုံး ကျနော်နဲ့ဟယ်လင်တို့ရဲ့ မင်္ဂံလာဦးညဟာ 3D ရုပ်ရှင်ရုံထဲမှာ ကုန်ဆုံးသွားရတော့သည်။
                                                **********
မနက်ခင်းမှာတော့ ကျနော့်အသစ်စက်စက်ဇနီးလေး ဟယ်လင်က အိပ်ယာပေါ်မှာပဲရှိနေသေးသည်။ နေအတော်မြင့်လာတဲ့အထိ မထနိုင်သေးပဲ အိပ်ပုတ်ကြီးနေဆဲ။
ကျနော် တစ်စုံတစ်ယောက်ကို လွမ်းလိုက်မိသည်။ ထိုအခိုက်မှာပဲ ကျနော့်လက်တွေက ရိုစ့်ဆီဖုန်းဆက်ဖို့လှုပ်ရှားသွားတော့၏။

“ရိုစ့်လား”
“ရှင် ကျမဆီဖုန်းဆက်တယ်လား။ ညကအိပ်မပျော်ခဲ့ဘူးထင်တယ်”
“မင်း Breakfast စားပြီးပြီလား ရိုစ့်”
“ကျမထင်တာ မမှားဘူးဆိုရင် ရှင့်ဟန်နီလေး အိပ်ယာမထသေးဘူးထင်တယ်…ဟုတ်တယ်မလား။”
“တကယ်တော့ ဒီလိုအချိန်မှာ ငါ မင်းဆီဖုန်းမခေါ်သင့်ဘူး”
ကျနော်နဲ့ရိုစ့် ဖုန်းပြောနေကြတုန်း ဟယ်လင်နိုးလာသည်။ ကျနော် ရိုစ့်ဖုန်းကို ချက်ချင်းချလိုက်မိသည်။

“ကိုကို…ဟောလစ်ပူပူလေးဖျော်ပေးပါလားဟင်…ဟယ်လင်သောက်ချင်လို့”
“ဟောဗျာ…အိမ်ရှင်မက မနက်စောစောထပြီး ကိုယ့်ယောင်္ကျာံးအတွက်ပြင်ပေးမယ်တော့မရှိဘူး။ သူကတောင်ပြန်ခိုင်းနေသေးတယ်ကွာ။”
“ဟာ..ကိုကိုကလဲ..ဟယ်လင်ကို မချစ်ဘူးလားပြော..ဒါလေးလုပ်ပေးရတာကို ငြိုငြင်တာလား”
“ကဲပါ မယ်မင်းကြီးမရယ်…ထပါ ထပါ…ကျနော်မျိုးကြီးဖျော်ပေးပါ့မယ်”
“ဟေး..ဒါမှ တို့ကိုကိုကွ။”

ပြောပြောဆိုဆိုဖြင့် ကုတင်ပေါ်မှပြေးဆင်းလာပြီး ကျနော့်ပါးပြင်ပေါ် အနမ်းတစ်ပွင့် လက်ဆောင်ချီးမြှင့်ပေးခဲ့သည်။
ပြုံးပြုံးရွှင်ရွှင်လေးနဲ့ နေ့သစ်အစကိုဖွင့်ပေးတဲ့အတွက် သူမကိုကျေးဇူးတင်ရမလိုပင်။
ကျနော်ကတော့ ကလေးတစ်ယောက်ကို ယူမိတဲ့အတွက် လင်နဲ့မတူ မအေနဲ့တူနေပါတော့သည်။
အစစ အရာရာ ကကြီးမှအ အကုန်လိုက်ပြောရသည်။ လိုက်လုပ်ပေးရသည်။ ဒါပေမယ့် ကျနော် မငြိုငြင်ရက်ပေ။ ဘာကြောင့်လဲမသိ။ တစ်ခုတော့ရှိမည်။ ငယ်ငယ်ထဲကနေလာတဲ့သံယောဇဉ်ကြောင့်လော။ အချစ်ကြောင့်လော။ သေချာတာကတော့ ကျနော် ဟယ်လင့်ကိုချစ်သည်။
                                                **********
အချိန်ကာလတစ်ခုကျော်လွန်ပြီးခဲ့လေပြီ။ ဟယ်လင်နဲ့ကျနော် ယူခဲ့တာပင် ၆လရှိခဲ့ပါပြီ။ ဘဝဟာချိုမလိုနဲ့ ခါးတတ်၏။ တခါတရံ လွယ်မလိုနဲ့ ခက်တတ်၏။
အဲဒီနေ့မနက်က ဟယ်လင်မူးလဲလို့ ကျနော် ဟယ်လင့်ကိုဆေးခန်းခေါ်သွားပြရသည်။ ဆရာဝန်စမ်းသပ်ပြီးချိန်မှာတော့ ဟယ်လင့်မှာကိုယ်ဝန်ရှိနေပြီဆိုတာသိခဲ့ရသည်။ ကျနော် ဟယ်လင့်လက်ကလေးများကို ဆုတ်ကိုင်ရင်း တိုးတိုးလေးပြောပြလိုက်သည်။

“ဟယ်လင့်ဗိုက်ထဲမှာ ကိုယ့်ရင်သွေးလေးရှိနေပြီကွ”
အရမ်းပျော်ရွှင်သွားတဲ့ ဟယ်လင့်မျက်နှာလေးကို ကြည့်ပြီး ကျနော်ပီတိဖြစ်ရသည်။
“ဟယ်လင် ခဏနော်…ကိုယ်ချက်ချင်းပြန်လာမယ်”
ကျနော် ဟယ်လင့်အတွက် ပန်းစည်းလက်ဆောင်ပေးဖို့ရည်ရွယ်ချက်နဲ့ ဆေးခန်းအပြင်က စတိုးဆိုင်ဆီသွားဖို့ ပြေးထွက်လိုက်သည်။ မမျှော်လင့်ပဲ တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်လိုက်မိသည်။
“အို..အို..ကိုယ်ဝန်သည်တောင်မမြင်ဘူးလားရှင်”
နပ်စ်မရဲ့ အသံကြောင့် ကျနော်တိုက်လိုက်မိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို တောင်းပန်ဖို့ကြည့်လိုက်မိသည်။
“ဟင်..ရိုစ့်”
ကျနော့်မျက်လုံးတွေတော်တော်ပြူးသွားသည်။ ဗိုက်ကြီးသည်ဖြစ်နေတဲ့ရိုစ့်ကို မြင်လိုက်ရ၍ အရမ်းလဲအံသြောသွားသည်။
“မင်း အိမ်ထောင်ကျသွားတာ ငါတောင်မသိလိုက်ပါလား။”
ကျနော်က သူမကိုအဲ့လိုမေးလိုက်တော့ သူမက ပြုံးရှာသည်။ ပြီးတော့
“ရှင့် ဟန်နီလေးရော…နေကောင်းရဲ့ လား”ဟုတည်ငြိမ်စွာပဲပြန်မေးသည်။ ကျနော်က ဟယ်လင့်မူးလဲတဲ့အကြောင်း အခု ကိုယ်ဝန်ရှိနေပြီဆိုတာသိရတဲ့အကြောင်းတွေ သူမကို ရှင်းပြလိုက်သည်။
သူမက ပြုံးနေရုံမှအပ ဘာမှပြန်မမေးတော့ပေ။ သူ မမေးတော့ပေမယ့် ကျနော်ကတော့ မေးချင်နေမိသည်။
“ရိုစ့် မင်းယောင်္ကျာံးရော..ဗိုက်ကရော ဘယ်နှစ်လလဲ”
ကျနော်မေးနေတုန်း ဟယ်လင့်အခန်းထဲမှနပ်စ်မရဲ့ အသံကြားလိုက်မိသည်။
“မငိုပါနဲ့ သမီးရယ် ခဏနေပြန်လာတော့မှာပါ”
ကျနော်သဘောပေါက်လိုက်သည်။ ကျနော် ခဏဆိုပြီးထွက်သွားတာ ပြန်မလာသေး၍ ဟယ်လင်ငိုနေခြင်းဖြစ်သည်။ ကျနော် ချက်ချင်းပဲ ဟယ်လင်ရှိရာအခန်းထဲပြန်ဝင်သွားလိုက်သည်။
“ကိုကို…ဘယ်သွားနေတာလဲ..ခဏဆိုပြီးကြာလိုက်တာ”
“ဟယ်လင်လေးအတွက် ပန်းစည်းသွားဝယ်မလို့လေ အဲ့ဒါ အပြင်မှာ ဗိုက်ကြီးသည်တစ်ယောက်နဲ့ တိုက်မိလို့ တောင်းပန်နေတာ”
“သြော် ကိုကိုရယ် ဖြစ်မှဖြစ်ရလေ…သနားပါတယ်…သူ့ခဗျာ မပေါ့မပါးကြီးနဲ့ဥစ္စာ။ ကိုကိုက ဒါတောင်မမြင်ဘူးလား။”
“အင်း ကိုကိုလဲ လောလော လောလောနဲ့ ပြေးထွက်လိုက်ရင်းတိုက်မိတာပါ။ ဟယ်လင် သက်သာလားဟင်။ သက်သာတယ်ဆိုရင် ကိုယ်တို့ပြန်ကြတာပေါ့”
ကျနော် ဟယ်လင့်ကိုပြန်ဖို့ပြောပြီးတော့ သတိရတာနဲ့ အပြေးလေးအပြင် ပြန်ထွက်ကြည့်ကာ ရိုစ့်ကိုရှာမိသည်။ အရိပ်အယောင်ပင်မတွေ့တော့ပေ။ ဒါနဲ့ ခုဏက အော်တဲ့ နပ်စ်မလေးကိုသွားမေးကြည့်ဖြစ်သည်။
“ခုဏက ကျနော်တိုက်လိုက်မိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီး…”
“သြော်..ရိုစ့်ကိုပြောတာထင်တယ်။ ပြန်သွားပြီရှင့်။”
“သူ့အမျိုးသားရော လိုက်လာသေးလားဗျ။”
“ဟင့်အင်း..ရိုစ့်က သတ္တိအရမ်းရှိတဲ့မိန်းမလေ။ အခုကိုယ်ဝန်က သူ့ချစ်သူနဲ့ရတာ။ ဒါပေမယ့် သူ့ချစ်သူက တခြားအမျိုးသမီးတစ်ယောက်နဲ့ယူသွားတယ်။ သူကတော့ ဒီကလေးကို မွေးမယ်တဲ့။ အခုတောင်၆လရှိနေပြီ။ ပြီးတော့ ကလေးက ယောင်္ကျာံးလေးရှင့်။ ကျမတို့ကိုပြောတယ် သူ့သားလေးကို သူအရမ်းချစ်တဲ့ သူ့ချစ်သူနာမည်ပဲပေးမယ်တဲ့။”

“သူချစ်သူနာမည်က ဘယ်လိုခေါ်လဲ”
ကျနော့်နှုတ်မှ ရုတ်တရက်ထွက်သွားသည့်မေးခွန်း။

“အင်း…ရိုစ့် တစ်ခါပြောတော့ပြောဘူးတယ်..ဘာလဲ..ဝေဆိုလားပဲ။”
“ဝေ…ဟုတ်လား”
“အင်း…ဟုတ်တယ်..ဟုတ်တယ်”
နပ်စ်မရဲ့  စကားအဆုံးမှာ ကျနော့် အသက်ရှူသံများ ကြိမ်နှုန်းမမှန်တော့ပေ။ နှလုံးခုန်လိုက်တိုင်းပင် တစ်ဆစ်ဆစ်ဖြင့်နစ်ကနဲ့ နာကျင်လာသလိုခံစားမိသည်။
တကယ်သာ..ရိုစ့်ဗိုက်ထဲက ကလေးသည်သူမရဲ့ ချစ်သူ ဝေ့ရဲ့  သွေးအစစ်ဖြစ်ပါက။တွေးနေမိဆဲ။

မစ္စတာဝေ…ရှင့်ဇနီးဟယ်လင့်အတွက် ဆေးဝယ်ဖို့ ကောင်တာ၃မှာတန်းစီထားလိုက်နော်။


၂၂.၄.၂၀၁၁
(၂း၅၇)




No comments:

Post a Comment