Sunday, January 26, 2014

အဖွဲ့ချုပ်ကြီးရဲ့အင်အား၊ မျိုးဆက်သစ်တို့ရဲ့အားမာန်



၂၇-၁-၂၀၁၄နေ့ထုတ် ဒီလှိုင်းဂျာနယ် အတွဲ(၃)၊အမှတ်(၄)မှာပါသော စာရေးသူ၏ဆောင်းပါး


“အဖွဲ့ချုပ်ကြီးရဲ့အင်အား၊ မျိုးဆက်သစ်တို့ရဲ့အားမာန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ” တဲ့။ အထက်ပါဆောင်ပုဒ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံများအတွက် ရည်ရွယ်ဖွဲ့ဆိုထားသော ဆောင်ပုဒ်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့ချုပ်ရုံးတိုင်းမှာ ချိတ်ဆွဲထားကြရမယ့် လူငယ်ညီလာခံ လှုံ့ဆော်ရေးဆောင်ပုဒ်ပါ။ 
 
အဖွဲ့ချုပ်လူငယ်ညီလာခံကျင်းပရေးစီမံချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ မူဝါဒများကို အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အရည်အချင်းပြည့်ဝသော အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံအဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျကျ ကျင်းပပြုလုပ်သွားမည်” လို့ ဖော်ပြထားပါတယ်။  လူငယ်အင်အားတွေများများရှိမှသာ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကို တက်ကြွဖျက်လတ်စွာ ထက်ထက်မြက်မြက် အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ရှေ့အနာဂတ်ခရီးမှာ မျိုးဆက်သစ်လူငယ်တွေရဲ့အားမာန်ဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ရဲ့အမေ ဒေါ်အောင်ဆန်းစုကြည်က “လူငယ်များဟာ အနာဂတ်မှာ တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်များ၊ တာဝန်ယူထိုက်တဲ့ပုဂ္ဂိုလ်များ ဖြစ်လာအောင်လို့ ကြိုးစားကြပါ။ အနာဂတ်ကို ကျွန်မတို့ဟာ စိတ်ချလက်ချနဲ့ ဒီလူငယ်တွေရဲ့လက်ထဲကို အပ်သွားချင်ပါတယ်” လို့ အဖွဲ့ချုပ်ရုံးမှာကျင်းပခဲ့တဲ့ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ထို့ကြောင့် မျိုးဆက်သစ်တို့ရဲ့အားမာန်ဟာ အမေစုပြောသလို လူငယ်တွေသည် အနာဂတ်မှာ တာဝန်ယူနိုင်တဲ့သူ၊ တာဝန်ယူထိုက်တဲ့သူတွေဖြစ်အောင် ကြိုးစားဖို့လိုအပ်တယ်ဆိုတာပါပဲ။

လူငယ်များဟာ အနာဂတ်မှာ တာဝန်ယူနိုင်တဲ့ပုဂ္ဂိုလ်များ တာဝန်ယူထိုက်တဲ့ပုဂ္ဂိုလ်များဖြစ်လာအောင် ကြိုးစားကြဖို့ အမေစုကပြောပါတယ်။ တာဝန်ယူနိုင်တဲ့သူဆိုတာဟာ ပေးအပ်လာမယ့် တာဝန်တွေကို ကျေပွန်စွာ ထမ်းရွက်သယ်ပိုးနိုင်မယ့်သူတွေကို အဓိကပြောတာပါ။ ဒီနေရာမှာ လူငယ်တွေသည် ပေးအပ်တဲ့တာဝန်ကို ယူရဲဖို့ အစွမ်းသတ္တိရှိနေရပါမယ်။ ပေးအပ်လာမယ့်တာဝန်ကိုယူဖို့ အရည်အချင်းမပြည့်သေးဘူးလို့ ကိုယ့်ကိုကိုယ် သံသယရှိနေခဲ့ရင်၊ ကိုယ့်အနေအထားကို ကိုယ်သိနေရင် ရိုးသားစွာငြင်းပယ်ရဲတဲ့သတ္တိလည်း ရှိဖို့လိုပါတယ်။ ပေးအပ်မယ့်တာဝန်ကို မယူဝံ့ဘူးလို့ ယူဆထားရင်၊ ထိုတာဝန်ဟာ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေနိုင်တယ်လို့ထင်ရင် တာဝန်ယူနိုင်တဲ့သူ၊ တာဝန်ကျေနိုင်တဲ့သူကို ပခုံးထမ်းတင်ပေးဖို့ မိမိကိုယ်ကို “ငြမ်း”အဖြစ်ခံနိုင်ရဲတဲ့ သတ္တိရှိရပါမယ်။

 လူငယ်ညီလာခံတွေ ပြီးစီးသွားပါက လူငယ်ထုစည်းရုံးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ လူငယ်ထုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်ပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လူငယ်လုပ်ငန်းအဖွဲ့ဝင် လူငယ်တွေဟာ တာဝန်ယူနိုင်တဲ့သူတွေပဲ ဖြစ်ဖို့လိုပါတယ်။ တာဝန်မယူနိုင်ပဲ နေရာယူထားသူတွေ မဖြစ်ဖို့လိုပါတယ်။ လူငယ်တွေဟာ နေရာနဲ့တာဝန်ကို ကွဲကွဲပြားပြား သိရှိထားဖို့ အရေးကြီးပါတယ်။ တာဝန်ယူထိုက်တဲ့သူဆိုတာက ထိုနေရာ၊ ထိုတာဝန်နဲ့ သင့်တော်တဲ့သူ၊ အရည်အချင်းရှိတဲ့သူ၊ အများကယုံကြည်လက်ခံတဲ့သူကိုဆိုလိုတာပါ။ 

မကြာတော့မီကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားမျှတတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပွဲတွေလုပ်ပြီး အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ သွေးသစ်လောင်း အားဖြည့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီလို သွေးသစ်လောင်းတဲ့အခါမှာ မြို့နယ်အဆင့်ကနေစပြီး စိစစ်ကြဖို့လိုပါတယ်။ မိမိတို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာထဲက ပါတီအပေါ် သစ္စာစောင့်သိသူ၊ ရိုးသားတည်ကြည် ဖြောင့်မတ်သူ၊ အရည်အချင်းရှိသူ၊ တကယ်အလုပ်လုပ်နိုင်သူတွေကို ပါတီဝင်လူငယ်များအားလုံးက သဘောတူညီမှုနဲ့ ရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ကြတဲ့အခါ နှစ်ပေါင်းများစွာ ပါတီအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တစ်ချို့ကလည်း ဒီလိုအနေအထားမျိုးမှာ ရှေ့တန်းက ပါဝင်ချင်ကြပါတယ်။ မိမိတို့ကသာ ပါတီအပေါ် သစ္စာစောင့်သိသူတွေဖြစ်တယ်၊ အဖမ်းအဆီးတွေကြား၊ အခက်အခဲတွေကြားမှာကတည်းက ထောင်အကျခံပြီး ပါတီအတွက် အလုပ်လုပ်ခဲ့ကြသူတွေဖြစ်တယ်၊ လူငယ်လုပ်ငန်းအဖွဲ့မှာ မိမိတို့ ပါသင့်တယ်လို့ယူဆထားကြပါတယ်။ လူသစ်တွေကလည်း ပွင့်လင်းမြင်သာမှုရှိလာတဲ့ ဒီဘက်ခေတ်နိုင်ငံရေးမှာ ပါတီထဲကနေ တကယ်အလုပ်လုပ်ဖို့ ရောက်လာကြတယ်၊ အတွေးသစ် အမြင်သစ်တွေနဲ့ ပါတီရှေ့ခရီးမှာ ပါဝင်ဖို့ ဆန္ဒပြင်းပြကြတယ်။ ခေတ်ပညာတတ်လူငယ်တစ်ချို့ကလည်း မိမိတို့ဟာ ပညာတတ်တွေမို့ နေရာပေးရင် မိမိတို့ကိုသာ ပေးသင့်တယ်၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ ပညာအခြေခံဟာ အရေးပါတာကြောင့် လူငယ်လုပ်ငန်းဖော်ဆောင်ရေးတွေမှာ မိမိတို့ပါဝင်သင့်တယ်လို့ဆိုကြပါတယ်။

တကယ်တန်းလူငယ်လုပ်ငန်းအဖွဲ့တွေထဲမှာ ပါဝင်နိုင်ကြဖို့ဆိုရင် ညီလာခံများမှာ ဝင်ရောက်အရွေးခံကြရမှာ ဖြစ်ပါတယ်။ စွန့်လွှတ်အနစ်နာခံ ထောင်ကျခဲ့ပါတယ်ဆိုတဲ့လူငယ်လဲ ဝင်ရွေးမှရမှာပါ။ ပညာတတ်လှပါတယ်ဆိုတဲ့ လူငယ်တွေလဲ ဝင်ရောက်ယှဉ်ပြိုင်မှ ရမှာပါ။ လူဟောင်းလဲ ဝင်ရွေးခံရမှာပဲ။ လူသစ်လဲ ဝင်ရွေးခံရမှာပဲ။ အပြောထက် အလုပ်နဲ့သက်သေပြနိုင်ကြဖို့သာအရေးကြီးပါတယ်။ အရည်အချင်းရှိသူအတွက် နေရာဟာ လုစရာမဟုတ်ပါဘူး။ ထိုက်တန်သူအတွက် တာဝန်ဟာ သူ့အလိုလို ရှိပြီးသားဖြစ်ပါတယ်။ 

ထို့ကြောင့် လူငယ်တွေဟာ လူငယ်ညီလာခံများမတိုင်မီ သက်ဆိုင်ရာကော်မရှင်များရဲ့ ဦးဆောင်မှုနဲ့ လူငယ်တွေ့ဆုံပွဲများ၊ စာဖတ်ဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ ရံပုံငွေဈေးရောင်းပွဲများ စတဲ့ လူငယ်အချင်းချင်း ရင်းနှီးတွေ့ဆုံ အကဲဖြတ်ပေးနိုင်မယ့် ပွဲတွေကို မပျက်မကွက် ပါဝင်တက်ရောက်ပြီး မိမိတို့ အစွမ်းအဆများကို ထုတ်ဖော်ပြသကြရမှာဖြစ်ပါတယ်။ ဝင်ရောက်အရွေးခံမယ့်သူတွေက ၎င်းတို့အရည်အချင်းကို ပြသနေကြသလို ဝင်ရောက်အရွေးမခံဘူးလို့ ဆုံးဖြတ်ထားတဲ့လူငယ်တွေကလည်း မိမိတို့ကို ဦးဆောင်မယ့် ခေါင်းဆောင်ကို တိတိကျကျရွေးချယ်နိုင်ဖို့ တွေ့ဆုံပွဲတွေကို ပါဝင်တက်ရောက်ပြီး အကဲဖြတ်အမှတ်ပေးနေရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး လူငယ်တွေ့ဆုံပွဲတွေ၊ လူငယ်စကားဝိုင်းတွေ များများလုပ်ပေးနိုင်တဲ့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဟာ တကယ်အရည်အချင်းရှိတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အခြေအနေကောင်းများစွာ ရရှိမှာဖြစ်ပါတယ်။

ဝေဖြိုးဟန် (အင်းစိန်)

Saturday, January 25, 2014

အဘိုးမှိုင်းကိုဂုဏ်ပြုဖို့လိုပါသည်




တစ်နေ့က ကျွန်တော့်စာအုပ်စင်ကိုရှင်းရင်း စာအုပ်အဟောင်းတစ်အုပ် ဖတ်ဖြစ်လိုက်သည်။ ထိုစာအုပ်က ၁၉၉၆ခုနှစ်ထုတ် စာပေဂျာနယ်မဂ္ဂဇင်းဖြစ်ပါသည်။ စာအုပ်တစ်အုပ်လုံး ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း တွေဖြစ်သည်။ ဆရာကြီးရဲ့  နှစ် ၁၂၀ ပြည့်အထိမ်းအမှတ်ထုတ်ဝေခြင်းဖြစ်သည်။ ဆရာကြီးသည် ၁၉၆၄ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါသည်။ ယခု ၂၀၁၄ခုနှစ် ဆိုလျှင် ဆရာကြီးကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း(၅၀) ရွှေရတုပင်တိုင်ခဲ့လေပြီ။ ဆရာကြီးအကြောင်းတွေရေးထားသည့် စာအုပ်ကိုဖတ်မိပြီး ဆရာကြီးအပေါ် ပိုပြီး လေးစားမိပါသည်။ ဆရာကြီး၏ တိုင်းပြည်အပေါ်ထားသည့်စိတ်၊ တပည့်ကျောင်းသားတွေအပေါ်ထားသည့်စိတ်၊ နယ်ချဲ့ကိုလိုနီတွေကို ကလောင်လက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့စိတ်၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အားထုတ်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့စိတ်တွေကို လေးစားအတုယူမိပါသည်။ ထို့အပြင် ဆရာကြီးရဲ့  စာပေအနုပညာ အစွမ်းပကားများကိုလည်း တွေ့ရှိခံစားရ၍ ပိုပြီးအားကျမိကာ အဖိုးမဖြတ်နိုင်တဲ့ ရာဇဝင်ထဲက ပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲလို့ ယုံကြည်မိလိုက်ပါသည်။ ထို့ကြောင့် စိတ်ထဲမှာ ဆရာကြီးနဲ့ပတ်သက်ပြီး မချိတင်ကဲလည်း ဖြစ်ရပါသည်။

အဘိုးမှိုင်းကွယ်လွန်ခြင်းသည် မြန်မာတစ်မျိုးသားလုံးအတွက် ရွှေတောင်ကြီးပြိုသွားသလိုဖြစ်ကြရပါသည်။ နေမင်းကြီးကွယ်သွားသလို ခံစားကြရပါသည်။ မြန်မာရာဇဝင်မှာ စာပေဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး၊ နိုင်ငံရေးဖခင်ကြီး အဖြစ် တင်စားခေါ်ဝေါ်ရလောက်သည့် အဘိုးမှိုင်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း) ဆိုတာကို စာပေထဲကသိရှိရသူ ကျွန်တော့်အဖို့ အဘိုးမှိုင်းအကြောင်း ရေးချင်သည့်စိတ်ဆန္ဒ ဖြစ်ပေါ်လာရခြင်းမှာ ထူးဆန်းနေသယောင် ဖြစ်ပါသည်။ အဘိုးမှိုင်းသည် ဘဝတစ်လျှောက်လုံးတွင် ကလောင်ထမ်း၍ လွတ်လပ်ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့ကို မနားမနေ ဆောင်ရွက်ခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ် ဇာတိမာန်စာဆိုကြီးတစ်ဦးဖြစ်ပါသည်။ အဘိုးမှိုင်း၏ တိုင်းပြည်နဲ့လူမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သည့် သမိုင်းစာပေများကို ဖတ်ရှုမိရင်း ကျွန်တော့်ရင်ထဲမှာ အဘိုးမှိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုလိုအပ်နေသလို ခံစားခဲ့ရပါသည်။ ဘာလိုအပ်နေသလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ကြည့်မိသည်။ အဘိုးမှိုင်းကဲ့သို့သော ဆရာကြီးတစ်ဆူ၊ မဟာကဝိ ပညာရှိကြီးတစ်ပါးအပေါ် ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှုတစ်ခု ပြုလုပ်သင့်သည်ဟု အတွေးဝင်မိခြင်းဖြစ်ပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ ပုဂ္ဂိုလ်ကြီးမျိုးကို နောင်လာနောက်သား မျိုးဆက်သစ်လူငယ်များ မမေ့မလျော့ တန်ဖိုးထား လေးစားအားကျ အတုယူနိုင်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆရာကြီးနဲ့ပတ်သက်တဲ့ ဂုဏ်ပြုအထိမ်းအမှတ် တစ်ခုပြုလုပ်ဆောင်ရွက်ပေးသင့်သည်ဟု ထင်ပါသည်။

ငယ်စဉ်က ရွှေတိဂုံဘုရားသို့သွားတိုင်း တောင်ဘက်မုဒ်မှာ ထူးဆန်းသည့် အဆောက်အအုံများကို စိတ်ဝင်တစ်စား ရှိလှပါသည်။ အဖေတို့ကို မေးကြည့်တော့ သီပေါမင်းရဲ့ မိဖုရား စုဖုရားလတ်အုတ်ဂူရယ်၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ဦးသန့်ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းကတော်ဒေါ်ခင်ကြည်ရယ် ပြီးတော့ ဘကြီးသခင်ကိုယ်တော်မှိုင်းရယ်လို့ ပြောပြတော့ ကျွန်တော့်ဦးနှောက်ထဲမှာ သိချင်စိတ်တွေ အများကြီးဖြစ်လာပါတော့သည်။ ကျွန်တော်တွေ့ဖူးနေတဲ့ ဓါတ်ပုံထဲက အဘိုးကြီးသခင်ကိုယ်တော်မှိုင်းရဲ့  ဂူဗိမာန်ဆိုပါလား။ သူတို့ကိုဘာလို့ ကြံတောမှာမမြှုပ်ပဲ ဒီမှာမြှုပ်ရတာလဲလို့မေးမိသည်။ ကျွန်တော်တို့ငယ်ငယ်က သင်္ချိုင်းဆိုလျှင် ကြံတောဟုသာ ခေါ်ပါသည်။ ဒီတော့အဖေက ရှင်းပြသည်။ သူတို့က ရာဇဝင်ထဲမှာ မေ့လို့မရတဲ့ သူတွေမို့ ဒီမှာထားတာလို့ တိုတိုတုတ်တုတ် ပြန်ဖြေသည်။ ပြီးတော့ ဆက်ပြောသေးသည်။ ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည်ဗိမာန်မှာ ထားသလိုမျိုးပေါ့ကွာလို့ ပြောပါသည်။ ကျွန်တော်လည်း ကလေးဆိုတော့ အဖေပြောသလို ရာဇဝင်ထဲမှာ မေ့လို့မရတဲ့လူတွေမို့ ဒီလို မြို့ လယ်ခေါင်ကြီးမှာ သင်္ချိုင်းလုပ်ပြီး ထားတာပဲလို့ မှတ်ထားလိုက်ပါသည်။ အဲ့ဒီအုတ်ဂူတွေထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အုတ်ဂူလေလို့ အဖေပြတဲ့နေရာကို ကျွန်တော် အမြဲတမ်း သတိထားပြီး ကြည့်မိပါသည်။ ထူးဆန်းသည်က အုတ်ဂူရှေ့မှာရှိနေသည့် ပုံ(၄)ပုံပဲဖြစ်ပါသည်။

ထိုပုံများနဲ့ပတ်သက်ပြီး ကျွန်တော့်ဘကြီးဆီ သွားမေးခဲ့သည်။ ကျွန်တော့်ဘကြီးက အဘိုးမှိုင်းတို့ခေတ်ကိုမှီခဲ့သည့် ရှေ့မှီနောက်မှီ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ ဘကြီးက ရှင်းပြသည်။ အဘိုးမှိုင်းရဲ့ အုတ်ဂူကို တည်ဆောက်ထားတဲ့ ဒီဇိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းပြပါသည်။ ဘကြီးကပြောပြရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဟာ ဘဘတို့ တစ်မျိုးသားလုံးရဲ့ စံပြုထိုက်တဲ့ ခေါင်းဆောင်ကြီးဖြစ်တယ်။ နယ်ချဲ့ တွေရဲ့  ကျွန်ပြုထားတဲ့ဘဝမှာ ပြည်သူလူထုနဲ့လက်တွဲပြီး နယ်ချဲ့ ဆန့်ကျင်ရေးကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဆရာကြီးဟာ စိတ်နေစိတ်ထား ရိုးသားဖြောင့်မတ်ပြီးတော့ မြန်မာဆန်သော်လည်း ခေတ်မီသော ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ ဆရာကြီးကွယ်လွန်တော့ ဆရာကြီးကိုထာဝစဉ် သတိတရ မှတ်တမ်းတင်ဖို့ ဂူဗိမာန်တည်ဆောက်ကြတယ်။ အဲ့ဒီအခါမှာ စာပေဘက်ကလူတွေက စာပေရှုထောင့်ကကြည့်သလို နိုင်ငံရေးဘက်က လူတွေကလည်း နိုင်ငံရေးဘက်ကကြည့်ပြီး ဆွေးနွေးကြတယ်။ နောက်ဆုံး ဆရာကြီး ဖြတ်သန်းခဲ့တဲ့ အချက်(၄)ချက်ကို မူတည်ပြီး ဂူဗိမာန်တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ကြတယ်။ အဲ့ဒီ (၄) ချက်က-
(၁) ဆရာကြီးသည် အမျိုးသားယဉ်ကျေးမှုအစဉ်အလာများကို ဖော်ထုတ်သော မျိုးချစ်စာပေ၊ ပြည်သူ့အကျိုးပြုစာပေများကို တစ်စိုက်မတ်မတ် ဖော်ထုတ်၍ နိုင်ငံလွတ်လပ်ရေးတိုက်ပွဲအတွက် စည်းရုံးခဲ့သည်။
(၂)        ဆရာကြီးသည် ခေတ်အဆက်ဆက် လွတ်လပ်ရေးတိုက်ပွဲစဉ် တစ်လျှောက်လုံးတွင် ကိုယ်ကျိုးစီးပွားလုံးဝမပါဘဲ ပြည်သူတို့နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ ရှေ့တန်းမှ ပါဝင်ကာ ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်။
(၃)        ဆရာကြီးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို ကြီးမားသော ဇွဲသတ္တိဖြင့် ဆောင်ရွက်ခဲ့သည်။
(၄)        ဆရာကြီးသည် သူ့ဘဝ တစ်လျှောက်လုံးတွင် အဖိနှိပ်ခံ ပြည်သူဘက်မှ ထာဝရရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမား၊ တောင်သူလယ်သမားတို့ကို အခြေခံသော ပြည်သူ့ဘဝ သာယာချမ်းမြေ့ ရေးကို အလွန်လိုလား မျှော်မှန်းခဲ့သည်။

အထက်ပါအချက်တွေကို မူတည်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်ကို ဒီဇိုင်းဆွဲခဲ့ကြတယ်လို့ ကျွန်တော့်ဘကြီးက ရှင်းပြသည်။ ပြီးမှ ဂူဗိမာန်ရှေ့မျက်နှာစာ နံရံမှာ ဆရာကြီးရဲ့ ဂုဏ်အင်္ဂါ (၄)ရပ်ကို ဖော်ကျူးထားသည့် အထိမ်းအမှတ်တံဆိပ်များကိုလည်း တပ်ဆင်ပေးထားကြောင်း ရှင်းပြပါသည်။

စာအုပ်ပုံ- ဆရာကြီး၏ စာပေယဉ်ကျေးမှုကို ဖော်ကျုးသည့် အထိမ်းအမှတ်။
ဒေါင်းရုပ်- ဆရာကြီး၏ တိုင်းပြည်လွတ်လပ်ရေး တိုက်ပွဲဆင်နွှဲသည့် အထိမ်းအမှတ်။
ချိုးရုပ်- ဆရာကြီး၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှု အထိမ်းအမှတ်။
တူတံဇင်- ဆရာကြီးသည် အဖိနှိပ်ခံ ပြည်သူများဘက်မှ ထာဝရ ရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားနှင့် တောင်သူလယ်သမားတို့၏ ဘဝသာယာချမ်းမြေ့ စေရန် လိုလားမျှော်မှန်းသော ကိုယ်စားပြု သင်္ကေတတို့ ဖြစ်ပါသည်။ 

ကျွန်တော့်ဘကြီးရှင်းပြသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အကြောင်းကြားရရုံဖြင့် အဘိုးမှိုင်း၏ ကျေးဇူးတရားများကို အလွန်လေးစားမိခဲ့ပါသည်။ အဘိုးမှိုင်း၏ မြန်မာတစ်မျိုးသားလုံးအပေါ် ထားသည့် စိတ်ရင်းစေတနာကို သိရှိခဲ့ရပါသည်။ ဒါ့အပြင် ကလောင်လက်နက်ဖြင့် နယ်ချဲ့ ကိုတော်လှန်ခဲ့သည့် အဘိုးရဲ့ သတ္တိကို အတုယူမိပါသည်။

သိပ်မကြာပါ။ ကျွန်တော့်ဘကြီးကို နိုင်ငံရေးအမှု ၅(ည)နဲ့ ဖမ်းဆီးသွားကြတဲ့အခါ ဘကြီးအိမ်မှာရှိသမျှ စာအုပ်စာတမ်းများ၊ ဓါတ်ပုံများကိုပါ သိမ်းဆည်းသွားပါတော့သည်။ အဲ့ဒီလို သိမ်းဆည်းသွားတဲ့အထဲမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့် အင်မတန်မှ ကျက်သရေရှိပြီး ဖြူစင်ရိုးသားလွန်းသည့် ငြိမ်းချမ်းရေးဖခင်ကြီး အဘိုးမှိုင်းရဲ့ ဓါတ်ပုံကြီးလည်း ပါသွားခဲ့ပါတော့သည်။

“သြော် ဝေးခရီးကပေမယ့်၊ အရေးကြီးလျှင်ဖြင့် သွေးနီးရာ ပါစမြဲပေမို့၊ ဆရာလဲကွာ၊ ပထမအရင် ကနဦးဆီက၊ မြန်မာ တခွင်မှာ သမတ ရှင်ဘုရင် မလူးခင်ပ၊ ‘ထ’ဆင်ထူးကို တမြည်မြည် သင်ခဲ့သမို့ ‘ထီ’မထင် ကျောင်းတော်သားတွေရဲ့ ၊ အမည်အစဉ်မှာ ခေါင်းအပေါ်များမှာလ၊ မင်းရို့ဆရာကို စာရင်းတို့ကာထားလိုက်ကြပေတော့”  ဆိုတဲ့ မဟာကဗျာလေးချိုးကြီး အတိုင်း တပည့်ကျောင်းသားတွေဘက်က ရပ်တည်ပေးခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပေါ် စစ်အာဏာရှင်တို့က ကျေးဇူးကန်းစော်ကားပြီး အခုလို တပည့်ကျောင်းသားတွေနိုင်ငံရေးလုပ်လို့ အဖမ်းခံရတဲ့အထဲ အဘိုးမှိုင်းပုံကိုပါ ဖမ်းဆီးယူဆောင် သွားတာဟာ ရာဇဝင်ရိုင်းလှပါသည်။ အဲ့ဒီအချိန်က ၁၉၉၁ ဝန်းကျင်။ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် နိုင်ငံရေးလှုပ်ရှားသူမှန်သမျှကို မတရားဖမ်းဆီးနေသည့်ကာလ။ ကျွန်တော့်ဘကြီးကလည်း အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ ရှစ်လေးလုံးစတဲ့ အရေးတော်ပုံတွေမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ နိုင်ငံရေးသမား။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရအန်အယ်လ်ဒီပါတီကို အာဏာမပေးချင်လို့ ကလိမ်ကကျစ်လုပ်ပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ ဘကြီးလည်း ပါသွားရရှာသည်။ အင်မတန် ယုတ်မာပက်စက်ပြီး လူမဆန်သည့် ဖိနှိပ်မှုများနဲ့ သမိုင်းကိုပါ ဖျောက်ပစ်နေကြသည့်အချိန်ဖြစ်ပါသည်။

ကျွန်တော်တို့ရွယ်တူ တန်းတူများအဖို့ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းစသည့် မြန်မာ့ဦးသျှောင် ခေါင်းဆောင်ကြီးများအကြောင်းကို ရေးရေးလေးသာ သိလိုက်ကြရသည်။ သမိုင်းစာမျက်နှာများပေါ်မှ ထိုခေါင်းဆောင်ကြီးများ ကိုဖျောက်ဖျက်ပစ်ကြသည်။ သို့သော် အာဇာနည်တိုင်း သမိုင်းမသေဆိုစကားလို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ သမိုင်းက ဘယ်လိုပင် ဖျောက်ဖျက်ပစ်စေကာမူ သေရိုးမရှိ၊ ပျောက်သွားရိုးမရှိပါ။ ထို့အတူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုသည့် ပြည်သူ့စာဆိုတော်ကြီး၊ ဇာတိမာန်စာဆိုကြီး၊ မြန်မာနိုင်ငံရဲ့ မီးရှူးတန်ဆောင် မဟာစာဆိုတော်ကြီး၊ သတင်းစာဆရာတို့ရဲ့ ဘိုးအေကြီး၏ သမိုင်းသည်လည်း ဘယ်တော့မှ မှေးမှိန်သွားမည် မဟုတ်ပါ။

သို့ရာတွင် ကျွန်တော်အစမှာ ရေးခဲ့သလို အဘိုးမှိုင်းနဲ့ပတ်သက်ပြီး တစ်ခုခုလိုအပ်နေသလို ခံစားမိပါသည်။ ကျွန်တော်တို့သည် လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့ရသည့် ဇူလိုင်(၁၉)ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ခဲ့ကြသလို၊ မြန်မာတစ်မျိုးသားလုံးရဲ့  မီးရှူးတန်ဆောင်၊ နေတစ်စင်း၊ လတစ်စင်း၊ ရွှေတောင်ကြီးသဖွယ်ဖြစ်ခဲ့ရသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ် ဂုဏ်ပြုချင်မိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မမေ့အပ်သလို ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း မမေ့အပ်ပါ။ ဗိုလ်ချုပ်တို့ရဲ့ ဆရာကြီးလည်းဖြစ်၊ အမျိုးသားစာဆိုတော်ကြီးလည်းဖြစ်၊ ငြိမ်းချမ်းရေးဖခင်ကြီးလည်း ဖြစ်သည့် အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့  မြန်မာနိုင်ငံနဲ့ မြန်မာတစ်မျိုးသားလုံးအပါအဝင် အမျိုးဘာသာ သာသနာအပေါ် ထမ်းရွက်ခဲ့သည့်၊ ပေးဆပ်ခဲ့သည့်၊ ကျေးဇူးတရားများကို မမေ့သင့်ပါ။

            ထို့ကြောင့် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်နေပြီဖြစ်သည့် ကျွန်တော်တို့ မြန်မာနိုင်ငံမှ အစိုးရတာဝန်ရှိသူများကို အလေးအနက် တိုက်တွန်းချင်ပါသည်။ အဘိုးမှိုင်းကိုမွေးခဲ့သည့် မတ်လ(၂၃)ရက်ကို သခင်ကိုယ်တော်မှိုင်းနေ့အဖြစ် သတ်မှတ်ခြင်း၊ သို့မဟုတ် နိုင်ငံတော်အစိုးရ ယနေ့မျက်မှောက်ခေတ်မှာ ပြုလုပ်နေသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများ၏ အန္တိမခရီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြမည့်အခါ အဘိုးမှိုင်းမွေးနေ့မှာ ရေးထိုး၍ အဘိုးမှိုင်းဖြစ်စေချင်ခဲ့သည့်၊ မျှော်မှန်းခဲ့သည့်၊ မြင်ချင်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်တစ်ဝှမ်း ငြိမ်းချမ်းရေးချိုးငှက်တွေ ပျံဝဲမည့် မြန်မာ့ငြိမ်းချမ်းရေးနေ့အဖြစ် သတ်မှတ်ပေးကာ ဂုဏ်ပြုလျှင်ဖြင့် အင်မတန်ကျက်သရေရှိသွားမည် ဖြစ်ပါသည်။

ကွမ်းအစ်တစ်လုံး၊ သျှောင်တစ်ထုံးနှင့်၊ ရင်ဖုံးအင်္ကျီ၊ ဖျင်ပင်နီနှင့်၊ ယောထည်ပုဆိုး၊ မင်ကြောင်ထိုးနှင့် အဘိုးကဝိ ပညာရှိကြီးကို ရာဇဝင်သမိုင်းထဲမှာ တန်ဖိုးမသိဖြစ်နေကြသော၊ တန်ဖိုးသိပြီး မဖော်ထုတ်နိုင်သော၊ ဖော်ထုတ်ချင်သော်လည်း အခွင့်မသာဖြစ်နေကြရသော မျိုးဆက်သစ်များ လေးစား၊အားကျ၊ အတုယူနိုင်ရန် အတွက် အဘိုးမှိုင်းကို ဂုဏ်ပြုဖို့ လိုအပ် နေပြီဖြစ်ပါသည်။

                                                                                                            ဝေဖြိုးဟန် (အင်းစိန်)
                                                                                               

မှီငြမ်းအညွှန်း
(၁) ဆရာကြီး၏ဂူဗိမာန် (ဗိသုကာကျော်ဝင်း)
(၂) ဆရာကြီးဒေါက်တာသခင်ကိုယ်တော်မှိုင်း (လူထုစိန်ဝင်း)
(၃) အဘိုးသခင်ကိုယ်တော်မှိုင်းသို့ကဗျာ (တင်မိုး)


Wednesday, January 15, 2014

ရင်ဆိုင်ကြရဦးမယ့် ၂၀၁၄ စိန်ခေါ်မှုများ





စာရေးသူ၏ (၆)ပုဒ်မြောက် နိုင်ငံရေးဆောင်းပါး။ ၁၆-၁-၂၀၁၄ နေ့ထုတ် the Politics ဂျာနယ် အမှတ်(၂၆)မှာ ပုံနှိပ်ဖော်ပြပါရှိလာသော"ရင်ဆိုင်ကြရဦးမယ့် ၂၀၁၄ စိန်ခေါ်မှုများ" ဆောင်းပါးဖြစ်ပါတယ်။



အခုဆိုရင် ၂၀၁၄ နှစ်သစ်ကိုရောက်လာခဲ့ပါပြီ။ ဧရာဝတီမြစ်ဆုံကိစ္စကြီးလည်း ငြိမ်သက်နေရာကနေ တစ်စခန်းထ လာပြန်ပါတယ်။ ဆီးဂိမ်းအပြီး ထွက်ပေါ်လာတဲ့ အဲ့ဒီသတင်းက ဧရာဝတီချစ်သူများကို လှုပ်နှိုးလိုက်ပြန်ပါပြီ။ ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြော၊ မြန်မာ့ရာဇဝင်ထဲက သတို့သမီး။ ဆီးဂိမ်းကိုဗန်းပြပြီး အားနာကြေးကို ဧရာဝတီနဲ့ ပေးဆပ်ရမယ် ဆိုရင်တော့ နဲနဲလေးမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ပြည်သူတွေဟာ ဧရာဝတီကို အသက်တမျှချစ်ကြသူတွေပါ။ ဧရာဝတီကို ကာကွယ်ကြမယ့်သူတွေပါ။ ဒါကြောင့်လဲ တစ်ချိန်က တစ်နိုင်ငံလုံး save Arrawaddy ဆိုပြီး ဝိုင်းလုပ်လိုက်ကြတာ စီမံကိန်းကြီးရပ်ခိုင်းရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ အခုလည်း ထိုနည်း၎င်း ဝိုင်းလုပ်ကြရဦးမယ်ထင်ပါတယ်။ ဒီတစ်ခါဆိုရင်တော့ တိုင်းပြည်ငြိမ်သက်အောင်ထိန်းဖို့ တော်တော်မလွယ်လောက်တော့ပါဘူး။ ပေါက်ဖော်မုန်းတီးရေးတွေပါ ပါလာနိုင်ပါတယ်။ ကြေးစင်တောင်ကိစ္စမှာကတည်းက မကျေနပ်နေကြတဲ့ ပေါက်ဖော်မုန်းတီးမှုတွေ ရောပြွန်းလာနိုင်ပါတယ်။

ဧရာဝတီနဲ့ပြည်သူကို ကိုင်လှုပ်လို့မှမဝသေး ဟောတစ်ခါ လာပြန်ပြီ။ အာဇာနည်ကုန်းကိစ္စ။ အာဇာနည်ကုန်းဆိုတာ ကျွန်တော်တို့အမျိုးသားခေါင်းဆောင်ကြီးတွေကို တလေးတစားမြုပ်နှံထားတဲ့နေရာပါ။ မြန်မာ့အာဇာနည်ကြီးများ ထားတဲ့နေရာမို့ အာဇာနည်ကုန်းလို့ခေါ်တာပါ။ အဲ့ဒီနေရာမှာ တိုင်းတစ်ပါးကလူတွေအတွက် ဗိမာန်လာဆောက်မယ်ဆိုတာကတော့ ကျွန်တော်တို့အထွတ်အမြတ်ထားတဲ့နေရာမို့ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး။ နှစ်နိုင်ငံ ချစ်ကြည်ရေးတွေ၊ မိတ်မပျက်ရေးတွေကို ငဲ့ကွက်ထောက်ထားပြီး ပေးလုပ်ချင်သပဆိုရင် သီးသန့်နေရာလွတ်တစ်ခု ရှာပြီး ပေးလုပ်လိုက်ပါ။ ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေနဲ့တန်းတူတော့ ဘယ်လိုနည်းနဲ့မှ အတူတူမထားနိုင်ပါဘူး။ ဒီ့အတွက်လဲ လူထုက ဆန္ဒတွေဖော်ထုတ်လာကြရဦးမယ်။ ဆိုင်းဘုတ်တွေကိုင် စီတန်းလှည့်လည်ကြရဦးမယ်။ အဲ့ဒီအခါ ပုဒ်မ(၁၈)ဆိုတာကြီးနဲ့ ပြန်ပြီးငြိကြရဦးမယ်။  လူထုကို လမ်းပေါ်မထွက်ထွက် အောင်များ လုပ်နေကြရော့သလား တွေးမိပါတယ်။ 

သူတို့သူတို့တွေဟာ ဘာကြောင့်များ မြန်မာပြည်သူပြည်သားတွေရဲ့ အထင်ကရ အလေးအမြတ်ထားတဲ့ အရာတွေကို ဖြစ်ကလဲ့ဆန်းလုပ်ပစ်ချင်ကြရတာလဲ။ အဲ့ဒီနေရာတွေ အဲ့ဒီအရာတွေဟာ သူတို့ချည်းပဲပိုင်တာလား။ သူတို့ချည်းပဲ လုပ်ချင်တာလုပ်နိုင်တဲ့အရာတွေလား။ အဲ့ဒါတွေဟာ အစိုးရပိုင်တွေမဟုတ်ပါဘူးဗျာ။ ဧရာဝတီမြစ်ကြီးရော၊ အာဇာနည်ကုန်းကြီးရောဟာ ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပိုင်ဆိုင်တဲ့ နိုင်ငံပိုင်၊ ဘိုးဘွားပိုင်တွေပါ။ ခေတ်အဆက်ဆက် မျိုးဆက်သစ်တွေလဲ ပိုင်ဆိုင်သွားကြရဦးမယ့် သမိုင်းဝင်နေရာတွေပါ။ ပြည်သူ့သဘောတူညီမှုမပါပဲ ကိုယ်လုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်ရှိနေသေးရင် အာဏာရှင် ဖြစ်နေဦးမှာပါပဲ။

အခုဆိုရင် နိုင်ငံရေးအခင်းအကျင်းတွေဟာ စိုးရိမ်ရေမှတ်ကိုရောက်နေခဲ့ပါပြီ။ မန္တလေးမြို့လယ်ခေါင်က မောင်ကိန်းရွှေဆိုင်ကို သေနတ်ပြပြီး ဓါးပြဝင်တိုက်လိုတိုက်၊ လားရှိုးက လူနေအိမ်တစ်အိမ်ကိုဝင်ပြီး အနုကြမ်းစီးဖို့ ကြိုးစားလိုကြိုးစား၊ အဆိုတော်ကောင်းမြတ်လေးအဖေရဲ့ကားကို နေ့ခင်းကြောင်တောင် လုပြေးလိုလုပြေး၊ ဒါတွေကို ကြည့်ရင် လုံခြုံရေးအားနည်းနေတာကိုတွေ့ရမှာပါပဲ။ လုံခြုံရေးအားနည်းချက်ရှိနေလို့ အခုလို ဖြစ်ချင်တိုင်းဖြစ်နေကြတာ ပါ။ ပြည်သူတွေမှာတော့ ကျီးလန့်စာစားနေကြရဆဲပါပဲ။ အရှေ့ပူရ၊ အနောက်ပူရနဲ့ လူတွေလည်း အပူလုံးကြွပြီး လူလုံးမလှ ဖြစ်နေကြရပါပြီ။ တခါ ဘင်္ဂါလီတွေဝိုင်းနှက်လို့ ရဲတစ်ယောက်သေပြီး တစ်ယောက်အတွင်းလူနာဖြစ်သွားတာ ကို ကြားရပြန်တော့ အော်…လူနည်းစု လူနည်းစုလို့ ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်အော်နေတဲ့သူတွေဝိုင်းရိုက်လို့ သေရတာက လူများစုထဲကပါလားဆိုပြီး ဘာဆက်ပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူး။ ဟိုတစ်လောကလဲ ရန်ကုန်မြို့ထဲ လိုင်စင်မဲ့ဆိုင်ကယ်တွေ လိုက်ဖမ်းတဲ့ စစ်ဆေးရေးအဖွဲ့ကို ဆိုက်ကယ်သမားတွေက တိုက်ခိုက်တဲ့ သတင်းကြားရပါသေးတယ်။ လုံခြုံရေး အားနည်းရတဲ့အထဲ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတွေ၊ စည်းကမ်းထိန်းသိမ်း ပေးနေတဲ့သူတွေကို အခုလို အသတ်ခံရ၊ တိုက်ခိုက်ခံရပြန်တော့ မြန်မာပြည်နဲ့ဒီမိုကရေစီ ဘယ်လိုခရီးနှင်ရ မလဲတွေးကြည့် မိပါတယ်။ 

တိုင်းပြည်တည်ငြိမ်အေးချမ်းနေဖို့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အဆင်ပြေအောင် ဖန်တီးပေး ဖို့ကလဲ အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေး အဆင်မပြေကြတဲ့ အခါ အခုလို လုယက်၊ ခိုးယူ၊ ဓါးပြတိုက်၊ အနုကြမ်းစီး စတဲ့ ဒုစရိုက်မှုတွေ ဖြစ်နေဦးမှာပါပဲ။ အသိဥာဏ်ဖွံ့ဖြိုးမှု အားနည်းနေသေးသရွေ့ မုဒိန်းမှုတွေ၊ လူသတ်မှုတွေ ကျူးလွန်နေကြဦးမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၀၁၄မှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးရမလဲ သက်ဆိုင်ရာက စီမံကိန်းတွေချမှတ်ဖို့ကောင်းပြီ။ စားဝတ်နေရေး ပြေလည်အောင် ဝန်ထမ်းလစာတွေတိုးပေးတာမျိုး၊ ကုန်ဈေးနှုန်းတွေ ထိန်းပေးတာမျိုး၊ အသိဥာဏ်ဖွံ့ဖြိုးအောင် ပညာပေးလုပ်ငန်းတွေလုပ်တာမျိုး၊ အဲ့ဒီနေရာမှာ တစ်ပတ်စီမံချက်၊ တစ်လစီမံချက်နဲ့လုပ်ပြ၊ တစ်ပတ်ကျော်တော့၊ တစ်လကျော်တော့စီမံချက်လဲပျောက်၊ ဖြစ်ချင်တိုင်းလဲပြန်ဖြစ်ဆိုတာမျိုး မရှိသင့်တော့ပါဘူး။ ဥပမာ မုဒိန်းမှုကျူးလွန်ရခြင်းရဲ့အဓိကဟာ ဘာလဲ၊ လုယက်ဓါးပြတိုက်မှုရဲ့အဓိကဟာဘာလဲ သေချာလေ့လာစုံစမ်းပြီးရင် အဲ့ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်ရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို ပညာပေးဖို့အရေးကြီးပါတယ်။ ပြီးရင် ထိရောက်တဲ့ အပြစ်ပေးမှုမျိုးလည်း ရှိဖို့လိုပါတယ်။ မြန်ဆန်မှန်ကန်တဲ့ အရေးယူမှုမျိုး ဖြစ်ဖို့လည်းလိုပါတယ်။ ရခိုင်ကျောက်နီမော်က မသီတာထွေးအမှုတုန်းကလည်း မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်သာ အရေးယူအပြစ်ပေးမှုလုပ်နိုင်ခဲ့ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာစရာအကြောင်း မရှိပါဘူး။ အဲ့ဒီလို မရှိခဲ့လို့ မြန်မာပြည်မှာ လူမျိုးရေး၊ဘာသာရေးအဓိကရုဏ်းတွေ မဖြစ်သင့်ပဲဖြစ်လာခဲ့ရတာပါဘဲ။

နက္ခတ်တာရာတွေကိုကြည့်ပြီး ဟောကိန်းထုတ်ချက်တွေအရကလည်း ၂၀၁၄ခုနှစ်အတွင်း မြန်မာပြည်မှာ ဆူပူလှုပ်ရှားမှုတွေဖြစ်လာမယ်၊ မတည်မငြိမ်ဖြစ်လာမယ်၊ အဓိက ကတော့ မင်းပြောင်းမင်းလွဲ ဖြစ်နိုင်တယ် ဆိုတဲ့ တွက်ကိန်းဟောကိန်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ မင်းပြောင်းမင်းလွဲဖြစ်နိုင်တယ်ဆိုတဲ့အချက်က လူတွေကို ပိုပြီး စိတ်ဝင်စားစေခဲ့ပါတယ်။ မင်းပြောင်းမင်းလွဲဆိုတာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်မယ့်သဘောပေါ့။ ဒါဆို ကျွန်တော်တို့သမ္မတကြီးက ထိုင်ရာကနေ ဖယ်ပေးရတော့မှာလား။ နှလုံးစက်တပ်ထားရလို့ ကျန်းမာရေးကိုအကြောင်းပြပြီး ရာထူးကနေ နားသွားမှာလား။ အင်း…မကြံကောင်းမစည်ရာ လုပ်ကြံခံရလို့ပဲ ကံတော်ကုန်သွားမှာမို့လား အမျိုးမျိုးတွေးနေ ပြောနေကြတာ ကြားနေရပါတယ်။ မင်းဆိုကတည်းက ဒီနိုင်ငံရဲ့အကြီးအကဲဟာ သမ္မတကြီးပဲရှိတာဆိုတော့ ဒီလိုပဲ ပြောကြဆိုကြမှာပေါ့။ ဘာပဲပြောပြော ယတြာဗေဒင်ကောင်းတဲ့ မြန်မာပြည်ခေါင်းဆောင်အဆက်ဆက်မို့ ဒီဟောကိန်းကို သူတို့ဘယ်လို ကျော်ဖြတ်မလဲဆိုတာကတော့ ငွေရောင်ပိတ်ကားမှာ စောင့်ကြည့်ရဦးမှာပဲ။ 

တစ်ခုတော့စဉ်းစားမိတယ်။ ပြောရမှာလား အားနာတယ်။ မင်းပြောင်းမင်းလွဲဆိုပြီး တပ်မင်းကြီး အပြောင်းအလဲ ဖြစ်သွားတာမျိုးရော မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ တပ်မင်းကြီးက ပင်စင်နားနီးပြီဆိုတော့ အနားယူကောင်း ယူသွားနိုင်တယ်လေ။ အနားယူပြီးရင်လည်း သူလည်း ဘဘစိန်လို ဘောင်းဘီချွတ် ပုဆိုးဝတ်လိုက်နိုင်တာပဲ။ ရွေးကောက်ပွဲကလည်း နီးပြီမဟုတ်လား။ ဒီတော့ ၆၉နှစ်မြောက် တပ်မတော်နေ့ဟာ တပ်မင်းကြီးရဲ့ နောက်ဆုံးမိန့်ခွန်းပြောတဲ့နေ့လဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တပ်မတော်နေ့မတိုင်ခင်ပဲ အပြောင်းအလဲနဲ့ တွေ့ရမလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒီလိုဆို ဂြိုလ်နက္ခတ်တွေနဲ့တွက်ကိန်း ဟောကိန်း မှန်ကောင်း မှန်သွားနိုင်ပါတယ်။ မင်းပြောင်းမင်းလွဲဖြစ်မယ်ဆိုတာက တပ်မင်းကြီးအပြောင်းအလဲနဲ့ အစားထိုးသွားနိုင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ မှန်ချင်မှလည်းမှန်မယ်။ မှားချင်မှလည်းမှားမယ်။

          အဲ့ဒါတွေအားလုံးထဲမှာ ကျွန်တော်အစိုးရိမ်ဆုံးတစ်ခုကတော့ လူထုခေါင်းဆောင်၊ ဒီမိုကရေစီဘုရင်မ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးပဲဖြစ်ပါတယ်။ အမေစုဟာ ပြည်သူတွေရဲ့ ရင်ထဲ အသည်းထဲက တင်မြှောက်ထားတဲ့ ဘုရင်မ၊ တစ်နည်း မြန်မာပြည်ရဲ့မင်းတစ်ပါးလည်း ဖြစ်ပါတယ်။ အမေစုဟာ မြန်မာပြည်ရဲ့မျှော်လင့်ချက်။ မြန်မာပြည်သူ ပြည်သားတွေရဲ့အားကိုးရာပါ။ အဲ့ဒီလို တိုင်းပြည်အတွက် အထူးအရေးပါတဲ့ပုဂ္ဂိုလ် အမေစု ၂၀၁၅ မတိုင်မီ ဘာမှ မဖြစ်ဖို့ အရေးကြီးပါတယ်။ ပါကစ္စတန်က ဘာနာဇာဘူတိုလို အဖြစ်မခံနိုင်ပါဘူး။ ၂၀၁၄ ဟောကိန်း မင်းပြောင်းမင်းလွဲဆိုတာဟာ အမေစုအတွက် မဖြစ်အောင် လုံခြုံရေးသတိ အထူးရှိကြဖို့လိုအပ်လာပါပြီ။ ပြည်သူချစ်သော ပြည်သူကချစ်သော ခေါင်းဆောင်များဟာ ပြည်သူကို ယုံကြည်လွယ်တတ်ကြပါတယ်။ အဲ့ဒီလို ယုံကြည်လွယ်ခဲ့လို့လည်း ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် ရေတိမ် နစ်ခဲ့ရပြီးပါပြီ။ နောက်တစ်ခါ ဒီလိုအဖြစ်ဆိုးမျိုး မကြုံချင်တော့ပါဘူး။ အမေစုမှ မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ခေါင်းဆောင် အားလုံးကို မဖြစ်စေချင်၊ မကြုံစေချင်ပါဘူး။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ သွေးထွက်သံယိုမှုတွေမပါဘဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာ ပြောင်းလဲသွားစေချင်ပါတယ်။

မြစ်ဆုံစီမံကိန်း၊ အာဇာနည်ကုန်းကိစ္စတွေနဲ့ ပြည်သူကို သွေးဆူအောင် မလုပ်ကြပါနဲ့။ ပြည်သူတွေကို တန်ဖိုးထားတဲ့ အစိုးရမှန်ရင် ပြည်သူ့အသံစစ်စစ်ကို နားထောင်ဖို့လိုအပ်ပါတယ်။ နေရာအနှံ့မှာဖြစ်နေတဲ့ အနုနည်း၊ အကြမ်းနည်း ဒုစရိုက်မှုတွေဟာလည်း ပြည်သူကို ထိတ်လန့်နေစေခဲ့ပါတယ်။ လက်ရဲဇက်ရဲ၊ လူမိုက်တွေကို လက်သတ်မွေးပြီး အဓိကရုဏ်းတွေဖန်တီးတာမျိုး၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် ဆူပူအုံကြွတာမျိုး၊ လုံခြုံရေးအားနည်းလို့ စိုးရိမ်ထိတ်လန့်နေရတာမျိုးတွေမရှိအောင် ဘယ်လိုဖြေရှင်းကြမလဲ။ တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနဲ့ နိုင်ငံကောင်း ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံသူနိုင်ငံသား အားလုံးကောင်းမှသာ နိုင်ငံကောင်းတစ်ခု ဖြစ်လာမှာပါ။ 

ဒါကြောင့် ၂၀၁၄ခုနှစ်မှာ တပ်တွင်းအပြောင်းအလဲကြီးတွေဖြစ်လာမယ်ဆိုရင်လဲ သေနတ်သံတစ်ချက် မဖောက်လိုက်ရဘဲ အေးအေးဆေးဆေး ပြောင်းလဲနိုင်ပါစေ၊ မင်းပြောင်းမင်းလွဲဆိုတာကြီး တကယ်ဖြစ်လာမယ်ဆိုရင်လဲ ကောင်းမွန်တဲ့အပြောင်းအလဲမျိုးဘဲ ဖြစ်ပါစေ၊ ပြည်သူတွေလည်း စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးလည်း ပြည်သူတို့ဆန္ဒနဲ့ တစ်ထပ်တည်းကျတဲ့ ပြုပြင်ပြောင်းလဲ ရေးဆွဲမှုကြီး ဖြစ်လာနိုင်ပါစေ၊ ရန်ကုန်မြို့တော်ကြီးရဲ့ လမ်းတိုင်းလမ်းတိုင်း ယာဉ်ကြောပိတ်ဆို့ လမ်းကြပ်သည့်ဒုက္ခများမှ သွားလာလှုပ်ရှားနေကြသူတွေ အမြန်ဆုံး လိုရာခရီးပန်းတိုင်သို့ ချောချောမောမေ ရောက်နိုင်ကြပါစေ၊ အပစ်အခက်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း ဒီနှစ်မှာ အထမြောက်အောင်မြင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲကြီး ဖြစ်ပေါ်လာနိုင်ပါစေ၊ နောက်ဆုံး ခြသေ့င်္နှစ်ကောင်တံခါးကြီး ပြန်ပွင့်သွားပြီမို့ အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးမှ ထူးချွန်ထက်မြက်သည့် အနာဂတ် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုမျှော်လင့်လျက်။

ဝေဖြိုးဟန်(အင်းစိန်)