Sunday, January 26, 2014

အဖွဲ့ချုပ်ကြီးရဲ့အင်အား၊ မျိုးဆက်သစ်တို့ရဲ့အားမာန်



၂၇-၁-၂၀၁၄နေ့ထုတ် ဒီလှိုင်းဂျာနယ် အတွဲ(၃)၊အမှတ်(၄)မှာပါသော စာရေးသူ၏ဆောင်းပါး


“အဖွဲ့ချုပ်ကြီးရဲ့အင်အား၊ မျိုးဆက်သစ်တို့ရဲ့အားမာန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ” တဲ့။ အထက်ပါဆောင်ပုဒ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံများအတွက် ရည်ရွယ်ဖွဲ့ဆိုထားသော ဆောင်ပုဒ်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အဖွဲ့ချုပ်ရုံးတိုင်းမှာ ချိတ်ဆွဲထားကြရမယ့် လူငယ်ညီလာခံ လှုံ့ဆော်ရေးဆောင်ပုဒ်ပါ။ 
 
အဖွဲ့ချုပ်လူငယ်ညီလာခံကျင်းပရေးစီမံချက်မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ၊ မူဝါဒများကို အကောင်အထည်ဖော်ဆောင်နိုင်ရန်နှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီထွန်းကားရေးတို့အတွက် အရည်အချင်းပြည့်ဝသော အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံအဆင့်ဆင့်ကို ဒီမိုကရေစီနည်းကျကျ ကျင်းပပြုလုပ်သွားမည်” လို့ ဖော်ပြထားပါတယ်။  လူငယ်အင်အားတွေများများရှိမှသာ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကို တက်ကြွဖျက်လတ်စွာ ထက်ထက်မြက်မြက် အကောင်အထည်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ရှေ့အနာဂတ်ခရီးမှာ မျိုးဆက်သစ်လူငယ်တွေရဲ့အားမာန်ဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ကျွန်တော်တို့ရဲ့အမေ ဒေါ်အောင်ဆန်းစုကြည်က “လူငယ်များဟာ အနာဂတ်မှာ တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်များ၊ တာဝန်ယူထိုက်တဲ့ပုဂ္ဂိုလ်များ ဖြစ်လာအောင်လို့ ကြိုးစားကြပါ။ အနာဂတ်ကို ကျွန်မတို့ဟာ စိတ်ချလက်ချနဲ့ ဒီလူငယ်တွေရဲ့လက်ထဲကို အပ်သွားချင်ပါတယ်” လို့ အဖွဲ့ချုပ်ရုံးမှာကျင်းပခဲ့တဲ့ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ထို့ကြောင့် မျိုးဆက်သစ်တို့ရဲ့အားမာန်ဟာ အမေစုပြောသလို လူငယ်တွေသည် အနာဂတ်မှာ တာဝန်ယူနိုင်တဲ့သူ၊ တာဝန်ယူထိုက်တဲ့သူတွေဖြစ်အောင် ကြိုးစားဖို့လိုအပ်တယ်ဆိုတာပါပဲ။

လူငယ်များဟာ အနာဂတ်မှာ တာဝန်ယူနိုင်တဲ့ပုဂ္ဂိုလ်များ တာဝန်ယူထိုက်တဲ့ပုဂ္ဂိုလ်များဖြစ်လာအောင် ကြိုးစားကြဖို့ အမေစုကပြောပါတယ်။ တာဝန်ယူနိုင်တဲ့သူဆိုတာဟာ ပေးအပ်လာမယ့် တာဝန်တွေကို ကျေပွန်စွာ ထမ်းရွက်သယ်ပိုးနိုင်မယ့်သူတွေကို အဓိကပြောတာပါ။ ဒီနေရာမှာ လူငယ်တွေသည် ပေးအပ်တဲ့တာဝန်ကို ယူရဲဖို့ အစွမ်းသတ္တိရှိနေရပါမယ်။ ပေးအပ်လာမယ့်တာဝန်ကိုယူဖို့ အရည်အချင်းမပြည့်သေးဘူးလို့ ကိုယ့်ကိုကိုယ် သံသယရှိနေခဲ့ရင်၊ ကိုယ့်အနေအထားကို ကိုယ်သိနေရင် ရိုးသားစွာငြင်းပယ်ရဲတဲ့သတ္တိလည်း ရှိဖို့လိုပါတယ်။ ပေးအပ်မယ့်တာဝန်ကို မယူဝံ့ဘူးလို့ ယူဆထားရင်၊ ထိုတာဝန်ဟာ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေနိုင်တယ်လို့ထင်ရင် တာဝန်ယူနိုင်တဲ့သူ၊ တာဝန်ကျေနိုင်တဲ့သူကို ပခုံးထမ်းတင်ပေးဖို့ မိမိကိုယ်ကို “ငြမ်း”အဖြစ်ခံနိုင်ရဲတဲ့ သတ္တိရှိရပါမယ်။

 လူငယ်ညီလာခံတွေ ပြီးစီးသွားပါက လူငယ်ထုစည်းရုံးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ လူငယ်ထုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးဆောင်ပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လူငယ်လုပ်ငန်းအဖွဲ့ဝင် လူငယ်တွေဟာ တာဝန်ယူနိုင်တဲ့သူတွေပဲ ဖြစ်ဖို့လိုပါတယ်။ တာဝန်မယူနိုင်ပဲ နေရာယူထားသူတွေ မဖြစ်ဖို့လိုပါတယ်။ လူငယ်တွေဟာ နေရာနဲ့တာဝန်ကို ကွဲကွဲပြားပြား သိရှိထားဖို့ အရေးကြီးပါတယ်။ တာဝန်ယူထိုက်တဲ့သူဆိုတာက ထိုနေရာ၊ ထိုတာဝန်နဲ့ သင့်တော်တဲ့သူ၊ အရည်အချင်းရှိတဲ့သူ၊ အများကယုံကြည်လက်ခံတဲ့သူကိုဆိုလိုတာပါ။ 

မကြာတော့မီကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားမျှတတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ပွဲတွေလုပ်ပြီး အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ သွေးသစ်လောင်း အားဖြည့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီလို သွေးသစ်လောင်းတဲ့အခါမှာ မြို့နယ်အဆင့်ကနေစပြီး စိစစ်ကြဖို့လိုပါတယ်။ မိမိတို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာထဲက ပါတီအပေါ် သစ္စာစောင့်သိသူ၊ ရိုးသားတည်ကြည် ဖြောင့်မတ်သူ၊ အရည်အချင်းရှိသူ၊ တကယ်အလုပ်လုပ်နိုင်သူတွေကို ပါတီဝင်လူငယ်များအားလုံးက သဘောတူညီမှုနဲ့ ရွေးချယ်ကြရတော့မှာဖြစ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ကြတဲ့အခါ နှစ်ပေါင်းများစွာ ပါတီအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တစ်ချို့ကလည်း ဒီလိုအနေအထားမျိုးမှာ ရှေ့တန်းက ပါဝင်ချင်ကြပါတယ်။ မိမိတို့ကသာ ပါတီအပေါ် သစ္စာစောင့်သိသူတွေဖြစ်တယ်၊ အဖမ်းအဆီးတွေကြား၊ အခက်အခဲတွေကြားမှာကတည်းက ထောင်အကျခံပြီး ပါတီအတွက် အလုပ်လုပ်ခဲ့ကြသူတွေဖြစ်တယ်၊ လူငယ်လုပ်ငန်းအဖွဲ့မှာ မိမိတို့ ပါသင့်တယ်လို့ယူဆထားကြပါတယ်။ လူသစ်တွေကလည်း ပွင့်လင်းမြင်သာမှုရှိလာတဲ့ ဒီဘက်ခေတ်နိုင်ငံရေးမှာ ပါတီထဲကနေ တကယ်အလုပ်လုပ်ဖို့ ရောက်လာကြတယ်၊ အတွေးသစ် အမြင်သစ်တွေနဲ့ ပါတီရှေ့ခရီးမှာ ပါဝင်ဖို့ ဆန္ဒပြင်းပြကြတယ်။ ခေတ်ပညာတတ်လူငယ်တစ်ချို့ကလည်း မိမိတို့ဟာ ပညာတတ်တွေမို့ နေရာပေးရင် မိမိတို့ကိုသာ ပေးသင့်တယ်၊ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာ ပညာအခြေခံဟာ အရေးပါတာကြောင့် လူငယ်လုပ်ငန်းဖော်ဆောင်ရေးတွေမှာ မိမိတို့ပါဝင်သင့်တယ်လို့ဆိုကြပါတယ်။

တကယ်တန်းလူငယ်လုပ်ငန်းအဖွဲ့တွေထဲမှာ ပါဝင်နိုင်ကြဖို့ဆိုရင် ညီလာခံများမှာ ဝင်ရောက်အရွေးခံကြရမှာ ဖြစ်ပါတယ်။ စွန့်လွှတ်အနစ်နာခံ ထောင်ကျခဲ့ပါတယ်ဆိုတဲ့လူငယ်လဲ ဝင်ရွေးမှရမှာပါ။ ပညာတတ်လှပါတယ်ဆိုတဲ့ လူငယ်တွေလဲ ဝင်ရောက်ယှဉ်ပြိုင်မှ ရမှာပါ။ လူဟောင်းလဲ ဝင်ရွေးခံရမှာပဲ။ လူသစ်လဲ ဝင်ရွေးခံရမှာပဲ။ အပြောထက် အလုပ်နဲ့သက်သေပြနိုင်ကြဖို့သာအရေးကြီးပါတယ်။ အရည်အချင်းရှိသူအတွက် နေရာဟာ လုစရာမဟုတ်ပါဘူး။ ထိုက်တန်သူအတွက် တာဝန်ဟာ သူ့အလိုလို ရှိပြီးသားဖြစ်ပါတယ်။ 

ထို့ကြောင့် လူငယ်တွေဟာ လူငယ်ညီလာခံများမတိုင်မီ သက်ဆိုင်ရာကော်မရှင်များရဲ့ ဦးဆောင်မှုနဲ့ လူငယ်တွေ့ဆုံပွဲများ၊ စာဖတ်ဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ ရံပုံငွေဈေးရောင်းပွဲများ စတဲ့ လူငယ်အချင်းချင်း ရင်းနှီးတွေ့ဆုံ အကဲဖြတ်ပေးနိုင်မယ့် ပွဲတွေကို မပျက်မကွက် ပါဝင်တက်ရောက်ပြီး မိမိတို့ အစွမ်းအဆများကို ထုတ်ဖော်ပြသကြရမှာဖြစ်ပါတယ်။ ဝင်ရောက်အရွေးခံမယ့်သူတွေက ၎င်းတို့အရည်အချင်းကို ပြသနေကြသလို ဝင်ရောက်အရွေးမခံဘူးလို့ ဆုံးဖြတ်ထားတဲ့လူငယ်တွေကလည်း မိမိတို့ကို ဦးဆောင်မယ့် ခေါင်းဆောင်ကို တိတိကျကျရွေးချယ်နိုင်ဖို့ တွေ့ဆုံပွဲတွေကို ပါဝင်တက်ရောက်ပြီး အကဲဖြတ်အမှတ်ပေးနေရမှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး လူငယ်တွေ့ဆုံပွဲတွေ၊ လူငယ်စကားဝိုင်းတွေ များများလုပ်ပေးနိုင်တဲ့ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/တိုင်းဟာ တကယ်အရည်အချင်းရှိတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အခြေအနေကောင်းများစွာ ရရှိမှာဖြစ်ပါတယ်။

ဝေဖြိုးဟန် (အင်းစိန်)

No comments:

Post a Comment