Saturday, June 30, 2012

ကြယ်တွေစုံတဲ့ည

ညတိုင်းမှာ ကြယ်တွေမစုံနိုင်ပါဘူးလေ။
ဒါပေမယ့် ကျွန်တော်တို့အခန်းလေးထဲမှာတော့ ကြယ်တွေညတိုင်းစုံခဲ့ပါတယ်။

ငယ်ငယ်ကအမေချော့သိပ်တဲ့ အိပ်ယာဝင်တေးလေး
“မိထ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့ကွယ်…ဗျိုင်းရှေ့က..ပျံကာ ပျံကာရယ်… မိုးစုန်းစုန်းချုပ်ပေါ့သားငယ်ရယ်..
အိပ်ပါတော့ကွယ်…ကြောင်ကြီးကိုက်လိမ့်မယ်….”

အဲ့ဒီကလေးချော့သိပ်တေးလေးနေရာမှာ ကိုငှက်ကြီးရဲ့  ကြယ်တွေစုံတဲ့ညနဲ့ ကျွန်တော်တို့ညတွေ… အင်းလေ… တကယ်တော့ အမေ့အိမ်ကိုလွမ်းနေကြတဲ့ အဝေးရောက်သား ကျွန်တော်တို့ရဲ့ ဘဝတွေကို ကုန်ဆုံးခဲ့ရတာပါ။

ပြန်စဉ်းစားကြည့်ရင် အဝေးကအိမ်လေးကိုလွမ်းနေတဲ့ ကျွန်တော်တို့ဟာ ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့ နေ့တွေကို ကျော်လွန်သွားခဲ့ရင် ပြန်ဆုံဦးမယ်လို့ အားတင်းပြီး ကျော်ဖြတ်ခဲ့ကြတာပါ။

တကယ်လည်း ဒဏ်ရာတွေဗရပွနဲ့ပါ။ စက်ရုပ်လူသားတွေရဲ့  ယဉ်ကျေးမှုမှာ ကျွန်တော်တို့ ခိုဝင်စီးမြော ခဲ့ကြရတာ။ ကျွန်တော်တို့ ဘဝတွေ…ကျွန်တော်တို့ နှလုံးသားတွေဟာ တကယ့်ကို နာကျင်ခံစားခဲ့ရတာပါ။

ကြယ်တွေစုံခဲ့တဲ့ ကျွန်တော်တို့ညလေးတွေဟာ မိသားစုမရှိတဲ့ အရပ်က အခန်းငယ်လေးထဲမှာ နာကျင်စွာ တစ်ယောက်တည်းပေါ့။ ကျွန်တော့်လိုပဲ အဲ့ဒီအခန်းလေးထဲမှာ နာကျင်ဖော် နာကျင်ဖက် နှစ်ယောက်လည်း ရှိခဲ့တယ်။ ပြောရရင်တော့ ကျွန်တော်တို့ ၃ ယောက်ဟာ အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိပ်မက်ရှည် တွေနဲ့ ခရီးဆက်ရဦးမှာလေ။

အိမ်ကိုလွမ်းတဲ့ညတွေမှာ ကျွန်တော်တို့ အခန်းငယ်လေးက ကြယ်တွေနဲ့ပေါ့။ ကျွန်တော်တို့ ၃ယောက်ရဲ့ မျက်နှာမူရာ မျက်နှာကျက်ကြီးဟာ ကောင်းကင်ပြင်ကြီးပေါ့။ အဲ့ဒီကောင်းကင်မျက်နှာကျက်ကြီးဟာ ကြယ်တွေစုံနေခဲ့တယ်။ တကယ်ပါ…ကြယ်တွေစုံနေခဲ့တာပါ။

မနက်ဖြန်ရော…ထပ်ကြုံရဦးမှာပဲလေ…ကြယ်တွေထပ်စုံကြဦးမှာပေါ့။ နောက်နေ့ နောက်နေ့တွေမှာလည်း ကြယ်တွေ ထပ်စုံကြဦးမှာပါပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ မျှော်လင့်ခြင်းများနဲ့ အိမ်ပြန်ချိန်များကို စောင့်နေ ခဲ့ကြတာပေါ့။

အခန်းငယ်လေးထဲမှာ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် တစ်နေ့တာ ပင်ပမ်းခဲ့ရသမျှ… နာကျင်ခဲ့ရသမျှ နွမ်းနယ်ခဲ့ရသမျှဟာ ကြယ်တွေစုံချိန်မှာ အလွမ်းတွေနဲ့ ကုစားခဲ့ကြရတယ်။ အဝေးအိမ်လေးဆီ အမြဲတမ်း သတိရခဲ့ကြတယ်။

အဲ့ဒီအချိန်တိုင်း ကျွန်တော်တို့ ဘဝလေးတွေ..ကျွန်တော်တို့ညလေးတွေကို ကျွန်တော်တို့လွမ်းမိကြတဲ့ သူတွေဆီ ရှင်းပြပေးလိုက်ပါ ကြယ်ပွင့်လေးရယ်လို့ပြောခဲ့ကြရတာပါ။

ညတိုင်း ကြယ်တွေမစုံနိုင်ပေမယ့် ကျွန်တော်တို့အခန်းလေးထဲမှာတော့ ကြယ်တွေ ညတိုင်းစုံခဲ့ပါတယ်။

အင်းလေ…အခုတော့ ကျွန်တော်တို့ ၃ယောက် တစ်ယောက်တစ်နေရာမှာ ရောက်နေခဲ့ကြပါပြီ။ ကျွန်တော်ကတော့ အိပ်မက်ရှည်ကြီး ပြီးဆုံးသွားလေပြီ။ အမေ့အိမ်မှာ နွေးထွေးမှုတွေနဲ့ ကမ္ဘာလေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့ပါပြီ။

ကျွန်တော်နဲ့ ကြယ်တွေစုံတဲ့ညပေါင်းများစွာ အတူဖြတ်သန်းခဲ့ကြသော သူငယ်ချင်းနှစ်ယောက်ကတော့ အခုထိ အဝေးတစ်နေရာဆီမှာ ရှိနေကြဆဲပါ။

ကိုငှက်ကြီးရဲ့  ကြယ်တွေစုံတဲ့ညသီချင်းလေးကို ကြားရတိုင်း အဝေးရောက် တစ်ချိန်က ဘဝတူသူငယ်ချင်းများကို လွမ်းနေလျက်ပါ။

သူငယ်ချင်းတို့ရေ ကြယ်တွေစုံတဲ့ညတိုင်း အဝေးအိမ်ကို လွမ်းနေကြဆဲပဲလားကွယ်။ ။

Sunday, June 17, 2012

ပြောပြန်ရင်လည်း အပါလွန်ရာကျမယ်



အပါ တွေးမိတွေးရာတွေ တွေးပြီး ရေးမိရေးရာတွေ ရေးပစ်လိုက်ဦးမယ်။

တခါတလေ စိတ်ကူးရွက်လွင့်ရတဲ့ အရသာက ပရီးမီးယားကော်ဖီတစ်ခွက်သောက်လိုက်ရသလို တယ်နိပ်သဗျ။ မာပိုရိုစီးကရက်တစ်လိပ် ဖွာရှိုက်လိုက်ရသလို လန်းသဗျာ။

ပြောပြန်ရင်လည်း အပါလွန်ရာကျဦးမယ်ဗျို့ ။ သိတယ်မလား လူ့ပါးစပ်တွေအကြောင်း။ အပါက ကိုဇာဂနာကြီးလို သွားဆရာဝန်တစ်ယောက် မဟုတ်ပေမယ့် လူတွေရဲ့ ပါးစပ်ဟရင် ဘာဖြစ်တော့မယ်ဆိုတာ သိတယ်ဗျ။ စံဇာဏီဘို လို ဗေဒင်ဆရာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သိနေတယ်။ သိနေတယ်ဗျို့။

မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက် ပုံပြင် စာဖတ်သူတို့ကြားဖူးမှာပေါ့။ မကြားဖူးတဲ့လူတွေကို ပြန်ပြောပြဦးမယ်။ ကြားဖူးပြီးသား လူတွေကတော့ ကျော်ဖတ်သွားပေါ့ဗျာ။ အဲ့ဒီပုံပြင်မှာ မြည်းတစ်ကောင်ပေါ် သားအဖနှစ်ယောက် ထိုင်စီးပြီး ခရီးထွက်လာကြသတဲ့။ တစ်နေရာအရောက်မှာတော့ လူတွေကကြည့်ပြီး ပြောသတဲ့။ ကြည့်စမ်းပါဦး မြည်းလေးသနားပါတယ် သူတို့သားအဖနှစ်ယောက်က တိရစ္ဆာန်ကို မညှာမတာ တက်စီးလာလိုက်ကြတာများ အံ့ပါရောလို့ပြောတယ်တဲ့။

ဒီတော့ သားအဖနှစ်ယောက်က ဟုတ်သားပဲဆိုပြီး သားလေးကိုပဲ မြည်းပေါ်တင်စီးစေခဲ့တယ်။ အဖေလုပ်တဲ့သူက အောက်ကလမ်းလျှောက်ရင်း ခရီးဆက်ကြတာပေါ့။ တစ်နေရာအရောက်မှာတော့ လူတွေက ပြောပြန်သတဲ့။ ကြည့်စမ်းပါဦး သားလုပ်တဲ့သူကတော့ မြည်းပေါ်ကနေ ဇိမ်နဲ့လိုက်လာပြီး အဖေကြီးက အောက်ကလမ်းလျှောက်နေရတယ် လူငယ်ဖြစ်ပြီး လူကြီးကိုတော့ မြည်းပေါ်တင်သွားမယ် မစဉ်းစားဘူးလို့ ပြောကြပြန်တယ်။

ဒီတော့ သားအဖနှစ်ယောက်လည်း ဟုတ်သားပဲ ဆိုပြီး အဖေကို မြည်းပေါ်တက်ခိုင်းပြီး သားကအောက်ကလမ်းလျှောက် ခရီးဆက်ကြပြန်တယ်။ တစ်နေရာအရောက်မှာတော့ လူတွေက တွေ့သွားပြီး ကြည့်စမ်းပါဦး အဖေဖြစ်ပြီး သားသမီးကို မညှာမတာ သူကတော့ မြည်းပေါ်က အခန့်သားလိုက်လာတယ် ကလေးကတော့ အောက်ကနေ လမ်းလျှောက်နေရတယ် အံ့ပါရဲ့လို့ ပြောကြပြန်သတဲ့။

ဒီတော့ သားအဖနှစ်ယောက်က ဟုတ်သားပဲဆိုပြီး မြည်းပေါ် ဘယ်သူမှ တက်မစီးကြတော့ပဲ နှစ်ယောက်သား အတူတူ လမ်းလျှောက် ခရီးဆက်ခဲ့ကြပြန်တယ်။ ဒါပေမယ့် တစ်နေရာအရောက်မှာ လူတွေနဲ့ ထပ်ဆုံကြပြန်တယ်။ လူတွေက သူတို့လာနေတာကို ကြည့်ပြီး ပြောပြန်တယ်။ အမယ်လေး အံ့ပါရဲ့နော် မြည်းတစ်ကောင်လုံးပါလာရဲ့နဲ့ သားအဖနှစ်ယောက်က လမ်းလျှောက်လာရတယ်လို့။ ဥာဏ်ကိုမရှိဘူး၊ တုံးလိုက်ကြတာလို့ ပြောကြပြန်တယ်။

ဒီတစ်ခါတော့ သားအဖနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ ဒီမြည်းတစ်ကောင်ရှိနေတာ လူတွေရဲ့ အပြောနဲ့ မကင်းဘူးဟေ့။ ဒီတော့ ဒီကောင်ကြီးကို ဒီမှာပဲထားခဲ့လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး သားအဖ နှစ်ယောက်သား သူတို့ရဲ့ မြည်းကို ထားခဲ့ပြီး ထွက်ခွာသွားကြတော့တယ်တဲ့။

အဲ့ဒါကို မြင်တဲ့လူတွေက ပြောကြပြန်သတဲ့။ ဒီသားအဖနှစ်ယောက်နှယ် ရူးနေကြသလားမသိဘူး။ စိတ်မနှံ့ကြဘူးထင်တယ်။ သူတို့နဲ့အတူပါလာတဲ့ မြည်းတစ်ကောင်လုံးကိုတောင် မေ့ထားခဲ့ကြတယ်ဆိုပြီး ပြောကြသတဲ့ဗျာ။

ဒါကြောင့် အပါလည်း အဲ့ဒီလို မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်အဖြစ်မျိုး ကြုံနေရတာဗျို့။ တွေးချင်သလို တွေးလိုက်ရ၊ ရေးလိုက်ရတာ တယ်ကောင်းတာပဲဗျာ။ ပေါ့သွားတာပဲ။ အပါ့ခေါင်းထဲ ရောက်လာတာတွေ ချရေးပစ်လိုက်တယ်။ ရောက်ချင်ရာ ရောက်၊ ပေါက်ချင်ရာပေါက်၊ အဆင်ပြေသလိုသာ ကြည့်ဖတ်ကြပေတော့။

အပါအခုရေးနေတာ ဘာအကြောင်းကို ဦးတည်နေသလဲလို့ မမေးမိအောင် ဖတ်နော်။ အပါ ရေးမိရေးရာ ရေးနေတာလို့ ပြောပြီးပြီ။ အပါတို့က ပြတ်တယ်။ ဇာတ်လမ်းရှိရင် အနှောင်အဖွဲ့တွေ ရှုပ်လို့ အတတ်နိုင်ဆုံး အရှုပ်ထဲမှာ ရှင်းအောင် နေတယ်။

အရှုပ်ထဲ ရှင်းအောင်နေပေမယ့် ကြိုးတစ်ချောင်းက လာလာငြိတယ်။ ဘယ်လိုလုပ်ရမလဲ။ အပါစိတ်ကသိကအောက်ဖြစ်ရပေါင်း များပြီ။ အဲ့ဒီကြိုးကို အပါမဖြုတ်မိပဲ ခရီးနှင်ခဲ့တာ မောရုံပဲ။ ဘယ်လိုမှ ခရီးမပေါက်ဘူး။

အပါပြောဦးမယ်။ ပြောပြန်ရင်လည်း အပါလွန်ရာကျဦးမယ်။ ကြိုးမဖြေမိရင် ခရီးမတွင်ဘူးဆိုတဲ့အကြောင်း။ မြစ်ကမ်းနားတစ်ခုမှာ နေတဲ့ မိသားတစ်စုရှိသတဲ့။ သူတို့က တစ်နေရာနဲ့ တစ်နေရာ ကုန်တွေသယ်ယူ ပို့ဆောင်ပေးတဲ့ လှေထိုးသား မိသားစုပေါ့။ တစ်ည သားအမိသားအဖ ၃ယောက် ထမင်းစားသောက်ပြီးတော့ သားအဖနှစ်ယောက်က တင်ထားတဲ့ ကုန်တွေကို တခြားဒေသကို ပို့စရာရှိလို့ သွားမယ်ပေါ့။ ဒါနဲ့ မိန်းမကို နှုတ်ဆက်ပြီး လှေဆိုက်ထားတဲ့ ကမ်းနားဆင်းလာကြတာပေါ့။ လှေပေါ်ရောက်တယ်ဆိုရင်ပဲ မုန်တိုင်း ကျလာတော့ တာပဲ။ လေတွေ မိုးတွေအကြီးအကျယ်တိုက်လာတာပေါ့။ သားအဖနှစ်ယောက်လည်း တစ်ယောက်နဲ့ တစ်ယောက်တောင် မမြင်ရလောက်အောင် မိုးတွေကသည်း၊ ညကမှောင်၊ လက မသာနဲ့ တော်တော်ဒုက္ခများနေကြသတဲ့။

အဖေက သားကိုအော်ပြောတယ်။ သားရေသတိထားလှော်ဟ။ လှေမမှောက်စေနဲ့။ သေချာထိန်းပြီးလှော်လို့ အော်သတဲ့။ သားကလည်း အဖေကို ပြန်အော်သတဲ့။ အဖေရေ…သားတို့ ဒီမုန်တိုင်းစက်ကွင်းနေရာက လွတ်အောင် မြန်မြန်လှော်ရအောင် ဆိုပြီး သားအဖ နှစ်ယောက်သား တက်ညီလက်ညီ လှော်ခတ်ကြသတဲ့။ မိုးကလည်းသည်းသည်းမဲမဲရွာနေ သူတို့သားအဖ နှစ်ယောက်ကလည်း အားကြိုးမာန်တက် လှေမမှောက်အောင်ထိန်းရင်း လှော်ကြတာပေါ့။

မိုးကလေးစဲသွားတဲ့အချိန်ရောက်တော့ သားအဖနှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် ပြန်မြင်လာကြတယ်။ ကမ်းနားတစ်ခုကိုလည်း တွေ့လိုက်ကြရတယ်။ နှစ်ယောက်စလုံးလည်း အားကုန်ထုတ် လှော်ခတ်ထားကြလို့ မောပန်းနေကြပြီပေါ့။ ခြေကုန်လက်ပမ်းကျ နေကြပြီပေါ့။ ဒီတော့ အဖေလုပ်သူက သားကိုပြောတယ်။ သားရေ အဖေဆေးလိပ်ဖွာချင်လို့ ဟော ဟိုး…မှာ မြင်နေရတဲ့ အိမ်လေးမှာ မီးတစ်တို့လောက် သွားတို့စမ်းပါလို့ ခိုင်းသတဲ့။ သားဖြစ်သူကလည်း အဖေ့ဆီက ဆေးပေါ့လိပ်ကလေးကိုင်ပြီး ကမ်းပါးပေါ်တက်လိုက်တာပေါ့။ ကမ်းပါးပေါ်ရောက်တော့ သားဖြစ်သူက အဖေကို လှန်းအော်သတဲ့။

အဖေရေ…အဖေရေ…ဒီကမ်းပါးလေးက သားတို့ အိမ်ရှေ့က ကမ်းပါးလေးနဲ့ သိပ်တူတာပဲတဲ့။ အဖေကလည်း ဟေ..ဟုတ်လားပေါ့။ ဒါနဲ့ သားကရှေ့နား ဆက်လျှောက်သွားပြီး တခါအော်ပြောပြန်သတဲ့။ အဖေရေ…အဖေရေ…ဒီနားက အိမ်ကလေးက သားတို့အိမ်ကလေးနဲ့ သိပ်တူတာပဲတဲ့။ အဖေကလည်း လှေပေါ်ထိုင်နေရင်း ဟေ…တူတယ်ဟုတ်လား၊ အေးအေး…မီးတစ်တို့လောက် တောင်းခဲ့ကွာလို့ ပြန်အော်သတဲ့။ ဒါနဲ့ သားဖြစ်သူက အိမ်ရှေ့ရောက်သွားပြီး အိမ်ရှင်တို့ အိမ်ရှင်တို့ ကျုပ်ကို မီးလေးတစ်တို့လောက်ပေးပါဗျာလို့ ပြောလိုက်တော့ အိမ်ထဲကအိမ်ရှင်ကထွက်လာတယ်။ အဲ့ဒီတော့ သားလုပ်တဲ့သူက သူ့အဖေကို လှန်းအော်သတဲ့။

အဖေရေ..အဖေရေ…ဒီအိမ်ရှင်မိန်းမကြီးက အမေနဲ့သိပ်တူတာပဲတဲ့။ ဒီတော့ သူ့အဖေကလည်း ဟေ..ဟုတ်လား။ ဒါဆို မီးတစ်တို့တောင်းလိုက်လေလို့ ပြန်ပြောသတဲ့။ ဒီတော့ သူ့အမေက သူ့သားကိုကြည့်ပြီး ဟဲ့ နင်တို့ အခုထိ မသွားကြသေးဘူးလားလို့မေးတော့ သူ့သားက ပြန်ပြောတယ်။ ဟုတ်ကဲ့။ မီးတစ်တို့ရပြီးရင် သွားမှာပါလို့ ပြောလိုက်သတဲ့။ အမေလုပ်သူက သူ့သားရဲ့ ဖြစ်ပုံကိုကြည့်ပြီး အသာလေးငြိမ်နေလိုက်တယ်။ ပြီးတော့ သူ့သားနောက်ကနေ လိုက်ကြည့်တယ်။ သူ့သားက သူ့အမေကို အမေမှန်းမသိပဲ ကမ်းနားမှာရပ်ထားတဲ့ လှေဆီပြန်သွားသတဲ့။ အဲ့ဒီတော့မှ သူ့အမေက သွားတွေ့တယ်။ အော် ဒီသားအဖ ကမ်းနားက တိုင်မှာ ချည်ထားတဲ့ လှေကြိုးကို မဖြုတ်ပဲ တစ်ညလုံး မုန်တိုင်းကြား လှေလှော်နေခဲ့ကြတာကိုးလို့ ရိပ်မိသွားတော့သတဲ့။ ကြိုးမဖြေပဲ ခရီးနှင်မှတော့ ဘယ်ရောက်နိုင်ပါ့မလဲ။ ဒီနေရာက ဒီနေရာမှာပဲပေါ့လို့ ပြောပြလိုက်ရသတဲ့။

အပါလည်း အဲ့သလိုဖြစ်နေပြီ။ ကြိုးမဖြေပဲ ခရီးနှင်နေတော့ လိုရာဘယ်ရောက်ပါ့မလဲ။ တစ်ခုခုတော့ လွဲနေပြီ။ ပြောပြန်ရင်လည်း အပါလွန်ရာကျဦးမယ်ဗျာ။ သိတယ်မလား လူ့ပါးစပ်တွေအကြောင်း။ ဟိုဟာလုပ် လုပ်ပြန်ပြီ။ ဒီဟာလုပ် လုပ်ပြန်ပြီ။ ဟိုလိုလုပ်တော့လည်း လုပ်လို့၊ ဒီလိုလုပ်တော့လည်း လုပ်လို့နဲ့ အပါ့ကို ပြောချင်နေကြတာကြီးပဲ။

စာရေးတော့လည်း အပါ့ကိုပြောကြတယ်။ စာမဖတ်ပဲ စာကြီးပဲရေးနေလို့ကတော့ ဘာမှမထူးဘူးတဲ့။ ဒီတော့ စာဖတ်တယ်။ စာဖတ်ပြန်တော့လည်း ပြောကြပြန်တယ်။ စာပဲဖတ်နေလို့ကတော့ သိထားတာတွေအလကားပဲ။ စာရေးမှ ဖြစ်မှာပေါ့လို့ ဆိုပြန်တယ်။ အပါ စာလည်းမဖတ်၊ စာလည်း မရေးပဲ ဒီတိုင်းနေပြန်တော့လည်း လူငယ်ဖြစ်ပြီး အချိန်ဖြုန်းနေတယ်။ စာဖတ် မယ် စာရေးမယ် မရှိဘူးတဲ့။ ပြောကြတာ၊ ပြောကြတာ။ အပါ့ကို ပြောချင်နေကြတာ။ စာရေးတော့လည်း ကြည့်ဦး။ နိုင်ငံရေးအကြောင်းတွေရေးတော့လည်း ရေးလို့၊ အချစ်အကြောင်းရေးတော့လည်း ရေးလို့၊ ဟာသရေးပြန်တော့လည်း ရေးလို့။ တော်တော်မလွယ်တဲ့ လူ့ပါးစပ်တွေဗျ။ ဒါကြောင့် မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်ဟာ အလကားရှိခဲ့တာ မဟုတ်ဘူး။

အဲ့ဒါကြောင့် အပါပြောတာ။ ပြောပြန်ရင်လည်း အပါလွန်ရာကျဦးမယ်။ အဲ့ဒီပြောနေတဲ့စကားတွေကို ဂရုစိုက်မိတဲ့၊ နားဝင်မိတဲ့၊ တုံ့ပြန်မိတဲ့၊ ခံစားမိတဲ့ကြိုး အဲ့ဒီကြိုးကို ဖြေပြီး ခရီးဆက်ရမှာ။ အဲ့ဒီ ကြိုးကို မဖြေပဲ ခရီးဆက်နေမိလို့ အပါ ခရီးမပေါက်တာဗျ။ သွားသလောက် ခရီးမရောက်တာဗျ။ ဒီတော့ အပါ လွတ်လွတ်လပ်လပ်ပဲ စိတ်ကူးရှိသလို နေမယ်။ ဘာနတ်ဒိုးမှ မလိုဘူး။ ဘာသံချပ်မှလည်း မလိုဘူး။ အပါ့ဆိုင်း အပါတီးပြီး အပါ့ခရီး အပါနှင်မယ်။ အပါ အကောင်းဆုံးတွေပဲ လုပ်မှာ။

တွေးချင်သလို တွေးပြီး ရေးချင်သလို ရေးချပစ်လိုက်တော့ အပါ့ကို သနားလို့တဲ့၊ တိမ်တွေတောင် ငိုချလိုက်တယ်၊ မိုးကိုသည်းရော။ အပါ့အိမ်ရှေ့လေးလည်း ရေကိုကြီးရော၊ ဗွက်ကိုထရော…သြော်…ပြောပြန်ရင်လည်း အပါလွန်ရာကျဦးမယ် ကွယ်တို့။ ။

၁၈-၆-၁၂

Saturday, June 16, 2012

သွေးကပေးတဲ့ဝါသနာ

ဂျပန်မလေး ယုမိစံလို့ ပြောလိုက်ရင် တစ်ချို့တွေက တန်းပြီးသိကြပါတယ်။ ဂျာနယ်ကျော်မမလေးရဲ့ နာမည်ကျော် သွေးဝတ္တုထဲက ဇာတ်လိုက်မင်းသမီးလေးပါ။ ယုမိစံကို ဘာလို့အခုထိ မှတ်မိနေရသလဲဆိုတော့ ကျွန်တော့်ဘဝရဲ့ မှတ်တမ်းတစ်ပုဒ် အစဟာ ယုမိစံကြောင့်ပါလို့ပြောရပါမယ်။ ဒါတင်ဘယ်ကမလဲ မစိန်ကြည်ဆိုတဲ့ နာမည်ကို ကြားတိုင်းလည်း ဒီကနေ့အထိ ရွတ်မိနေသေးတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါသေးတယ်။ အဲ့ဒါက “စိန်ကြည်နော် စိန်ကြည် လင်ယူပက်စက်သည် မာစတာကြီး တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ကျန်” ဆိုတဲ့ သီချင်းပါ။ 

လွန်ခဲ့တဲ့ ၁၆နှစ် ကျွန်တော် ၁၂နှစ်သားအရွယ်မှာ အဘွားဆီက အဲ့ဒီ သွေး ဝတ္ထုစာအုပ်လေးကို ရခဲ့ပါတယ်။ အဲ့ဒီနေ့က မှတ်မိသေးတယ်။ အဘွားက သူ့ကုတင်ပေါ်မှာ စာအုပ်ဖတ်ရင်း မျက်ရည်လေးတွေ သုတ်နေတာ ကျွန်တော်သတိထားမိလိုက်တယ်။ အဘွားငိုနေတယ်ပေါ့။ ဘာလို့လဲ။ အဘွားငိုနေတာတွေ့တော့ ကျွန်တော်လည်း စိတ်မကောင်းပါဘူး။ ကျွန်တော် အဘွားကုတင်နားသွားကြည့်တော့ အဘွားက စာအုပ်ဖတ်ရင်း ငိုနေတာကိုး။ ကျွန်တော့်ကို မြင်တော့ အဘွားက သူ့မျက်ရည်စလေးတွေကို သိမ်းလိုက်တယ်။ ပြီးတော့ သောက်ရေတစ်ခွက်သွားခပ်စမ်းဆိုပြီး ကျွန်တော့်ကို ခိုင်းတယ်။ ကျွန်တော်ကလည်း သောက်ရေခပ်လာပြီး စပ်စုချင်တော့ အဘွားဘာလို့ ငိုနေတာလဲလို့ မေးမိတယ်။ ဒီတော့ အဘွားက သူ့လက်ထဲက စာအုပ်ကို ကျွန်တော့်လှန်းပေးတယ်။ ရော့ ဒီစာအုပ်ကိုဖတ်ကြည့်။ ဂျပန်မလေးနဲ့ သူ့မောင်လေး ပြန်တွေ့တဲ့ဇာတ်လမ်း၊ အရမ်းသနားဖို့ကောင်းတယ်လို့ပြောပြီး ကျွန်တော့်ကို စာအုပ်ဖတ်ခိုင်းတယ်။ စာအုပ်ကို ကြည့်လိုက်တော့ အထူကြီးပဲ။ ဟာ အဲ့ဒီလောက်များတာ ဘယ်လိုလုပ်ဖတ်နိုင်မှာလဲလို့ အဘွားကို ပြန်ပြောတော့ အဘွားက သူတောင် ၃ကြိမ်ရှိပြီတဲ့၊ ဒါကို ပြန်ပြန်ဖတ်တိုင်း အခုထိငိုရတုန်းပဲတဲ့။ ကဲ ဒီလောက်တောင် ညွှန်းနေမှတော့ ကျွန်တော်ဖတ်မယ်ပေါ့။ ဒါပေမယ့် ကျောင်းစာက တဖက်မဟုတ်လား။ ဝတ္ထုတွေထိုင်ဖတ်ပြီး ကျောင်းစာမကျက်လို့ အမေကဆူမှာလည်း ကြောက်တယ်။ ဘာပဲဖြစ်ဖြစ် အမေဆူတော့လည်း အဘွားနာမည် လွှဲချတာပေါ့။ ဒါအဘွားဖတ်ခိုင်းတာလို့ ပြောလိုက်ရင် အမေဆူရဲမှာ မဟုတ်တော့ဘူးလို့ တွေးပြီး ကျွန်တော် အဲ့ဒီစာအုပ်ကို စဖတ်ဖြစ်ပါတယ်။


နှစ်ပတ်ကြာပါတယ်။ ဝတ္တုတစ်ပုဒ်ကို ၁၅ရက်လောက်ဖတ်တဲ့သူဟာ ကျွန်တော်တစ်ယောက်တည်းရှိမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီသွေးဝတ္ထုဟာ ကျွန်တော့်ဘဝမှာ ပထမဦးဆုံးစဖတ်တဲ့ ဝတ္ထုဖြစ်လို့ပါပဲ။ ကျွန်တော်ငယ်ငယ်ကတည်းက ဖတ်နေကျ ရွှေသွေး၊ တွတ်ပီ၊ မြတ်မင်္ဂလာစတဲ့ စာအုပ်တွေနဲ့ မတူတဲ့ အရေးအသား၊ အဖွဲ့အနွဲ့၊ စကားလုံးတွေဟာ အင်မတန်မှ ဖတ်ချင်အောင် ဆွဲဆောင်ထားပါတယ်။ ကျွန်တော်လက်က မချနိုင်အောင် ဖြစ်ခဲ့ရတယ်။ သို့သော် ကျွန်တော်ဟာ စာဖတ်ချိန်နဲ့ စာကျက်ချိန်ကို နာရီသတ်မှတ်ထားလို့ စာကျက်ရတော့မယ့်အချိန်မှာ ဝတ္ထုစာအုပ်ကို ပိတ်လိုက်ရပါတယ်။ ဒါကြောင့် တစ်အုပ်လုံးပြီးဖို့ ၁၅ရက် နှစ်ပတ်လောက် ကြာသွားပါတယ်။ ဒါ့အပြင် ကျွန်တော်စာဖတ်ရင် ဘယ်တော့မှ ပြီးပြီးရော မဖတ်တတ်လို့ပါ။ စာတစ်ကြောင်းချင်းဆီကို ဖတ်ရင်း မျက်လုံးထဲ ဇာတ်ဝင်ခန်းတွေကို မြင်ယောင်ဖတ်တတ်လို့ပါ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တခါတရံ စာအုပ်ပေါ်ကနေ မျက်လုံးကိုလွှဲ အဝေးတစ်နေရာကို ကြည့်ငေးရင်း အတွေးနယ်ချဲ့တတ်သော ဝါသနာကြောင့်လည်း ဖြစ်ပါတယ်။

သွေး ဝတ္ထုဟာ စာဖတ်သူကို တကယ်ဆွဲဆောင်တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဖတ်ဖူးသူတိုင်း သိကြပါတယ်။ ဂျာနယ်ကျော် မမလေးရဲ့ အရေးအသား ပညာကြောင့်လည်း ဖြစ်မှာပါ။ အဲ့ဒီတုန်းက ကလေးဆိုတော့ အဘွားပြောတဲ့အတိုင်းပါပဲ။ ယုမိစံကို သနားလို့ မျက်ရည်တွေတောင် ကျရပါတယ်။ တခြားသူတွေ မြင်ရင် ဟားမှာဆိုးလို့ ခြံထဲက စက္ကူပန်းခြုံအောက်မှာ ခိုးပြီးငိုခဲ့ရတာပါ။ ဇာတ်သိမ်းပိုင်းဟာ ပိုပြီးလွမ်းစရာကောင်းသည်။ အစ်မဖြစ်သူ ဂျပန်မလေးကို လေယာဉ်ကွင်းလိုက်ပို့ရင်း နှုတ်ဆက်တဲ့ အခန်းပါ။ ဆိုင်ယိုနားရား ဆိုတဲ့ စကားလုံးကို အဲ့ဒီမှာ စတင်ကြားဖူးခဲ့တာပါပဲ။ သူ့မောင်လေးဖြစ်တဲ့ မောင်မောင်က လူအုပ်ကြားထဲကနေ မမ မမ လို့လှန်းအော်နေတာကို ယုမိစံကြားနေခဲ့ပါတယ်။ မျက်ရည်တွေ အတောမသတ်ကျရတဲ့ ဇာတ်သိမ်းခန်းပါ။ မကြာခင်ဝေဟင်ထဲ ပြန်တက်တော့မယ့် လေယာဉ်ပျံကြီးက တဖက်၊ မမရေ မမရေ လို့အသံကုန်ဟစ် အော်ခေါ်နေတဲ့ မောင်လေးက တဖက် ဟိုဘက်ပြေးရမလို ဒီဘက်ပြေးရမလို လေယာဉ်ကွင်းထဲ ဗျာများနေတဲ့ ယုမိစံကို မျက်လုံးထဲ မြင်မိပါတယ်။ ဆိုင်ယိုနားရား ဆိုင်ယိုနားရားလို့ ဂျပန်လို အော်ပြောရင်း တံခါးပိတ်ဖို့စောင့်နေတဲ့ လေယာဉ်ကြီးပေါ် ယုမိစံတက်သွားခဲ့ပါတယ်။ မမရေ..သွားတော့..သွားတော့လို့ အော်ပြောရင်း မျက်ရည်တွေစီးကျနေတဲ့ မောင်မောင့်ကိုလည်း မျက်လုံးထဲ မြင်နေမိတယ်။ တကယ့်ကို ခံစားရတဲ့ မောင်နှမဇာတ်လမ်းလေးပါ။ ဝတ္ထုထဲက ဇာတ်ကောင်တွေကို မျက်လုံးထဲမြင်မိပြီး ငိုခဲ့ရတာပါ။ 

ကျွန်တော့်ပထမဆုံး စာပေဆိုတာ ဘာလဲလို့ သိစေခဲ့တဲ့ သိခဲ့ရတဲ့ စာအုပ်မှာပဲ အငိုနဲ့စခဲ့ရတာပါ။ ခံစားချက်နဲ့ ဖတ်ဖြစ်ခဲ့တာပါ။ ဝတ္ထုစာအုပ်ကတော့ ယုမိစံစီးသွားတဲ့ လေယာဉ်ကြီး မိုးပေါ်ပျံတက်သွားတာနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဇာတ်မသိမ်းနိုင်သေးပဲ တွေးတွေးပြီး ဝမ်းနည်းနေမိတာက ကျွန်တော်ပါ။ အော် စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးတို့များ အရေးအသားပိုင်နိုင်လိုက်တာလို့ စဉ်းစားမိတိုင်း လေးလည်း လေးစား၊ အားလည်း အားကျမိပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း များစွာကြာခဲ့ပေမယ့် ယနေ့တိုင် ဖတ်လို့ကောင်းနေဆဲဖြစ်နေတာပါ။ 

ဒါကြောင့် ကျွန်တော် စာပေကို အလွန်သဘောကျ လေးစားပြီး လေ့လာလိုက်စားဖြစ်ခဲ့ခြင်းဟာ သွေးကပေးတဲ့ ဝါသနာလို့ပဲ ပြောလိုက်ပါရစေ။ သွေးသားအရင်းဖြစ်တဲ့ အဘွားရဲ့ တိုက်တွန်းမှု၊ ဖတ်ဖြစ်တဲ့ စာအုပ်က ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထု။ ဒီတော့ သွေးကပေးတဲ့ ဝါသနာဖြစ်လာခဲ့တာပါပဲ။

သူ (သို့မဟုတ်) ညှို့ တတ်သောပင်လယ်



ထိုနေ့မနက်က သူဆုံးပြီဆိုတာ ကြားလိုက်ရတယ်။ မယုံချင်ဘူး။ ကောလဟလလို့ပဲ ထင်မိတယ်။ မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ဒါပေမယ့် သူဆုံးသွားတာကတော့ အသေအချာပါပဲ။ 

အင်တာနက်စာမျက်နှာတွေပေါ် သူ့သတင်းတွေ ရောက်လာတယ်။ ဓါတ်ပုံတွေနဲ့ ဖော်ပြလာကြတယ်။ ကြေကွဲစွာ လက်ခံ လိုက်ရပါတယ်။ သူသေဆုံးသွားခဲ့ပါပြီ။ ရင်ထဲမှာ ဘယ်လိုမှ ဖော်မပြတတ်အောင် ခံစားခဲ့ရပါတယ်။ 

သူဟာ အချိန်မတိုင်မီ ကြွေလွင့်ခဲ့တဲ့ ကြယ်တစ်ပွင့်ပါ။ အကြွေစောတဲ့သူမို့ နှမြောမိတာလည်းပါတယ်။ လူကိုနှမြောတာထက် သူ့အနုပညာကို ပိုပြီး နှမြောတယ်။ သူဟာ အနုပညာသမားကောင်း၊ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူရဲ့ သရုပ်ဆောင်မှုတွေဟာ ပီပြင်လွန်းတယ်။ သူဟာ mood အပြည့်နဲ့ သရုပ်ဆောင်တတ်တဲ့ မင်းသားတစ်ယောက်ပါ။ ဒရမ်မာကားတွေကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်သူ၊ သူငိုရင် ပရိသတ်ငိုရတယ်၊ သူရယ်ရင် ပရိသတ်ရယ်ကြတယ်၊ သူ့ကြည့်တဲ့ ညှို့မျက်ဝန်းတွေထဲ ပရိသတ်မျောပါကြရတယ်၊ သူဟာ အဲ့သလောက် အနုပညာဈာန်ကောင်းခဲ့တဲ့သူပါ။

သူရဲ့ သရုပ်ဆောင်ကောင်းချက်ကို အသိအမှတ်ပြုပေးခဲ့တာက အမေ့ခြေရာဇာတ်ကားပါ။ ၁၉၉၇ခုနှစ်အတွက် တစ်ခုတည်းသော အကယ်ဒမီကို သူရရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာ သေသွားပြီဖြစ်သော မိခင်ရဲ့ ခြေထောက်ကို ပါးနဲ့ကပ်ပြီး ငိုပြခဲ့တဲ့ ဇာတ်ဝင်ခန်းကြောင့် ပရိသတ်ရော ဆင်ဆာအဖွဲ့ကပါ သူ့ကို အကယ်ဒမီ မပေးပဲမနေနိုင်အောင် ရင်ကိုထိစေခဲ့ပါတယ်။ ဘာကြောင့်များအဲ့သလောက် သရုပ်ဆောင် ပီပြင်ရတာပါလိမ့်။ တကယ်တော့ အမေ့ခြေရာဇာတ်ကား မရိုက်ခင်မှာပဲ သူ့ရဲ့ အမေကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် အမေ့ခြေရာရုပ်ရှင်မှာ သူဟာ တကယ့်ခံစားချက်ကို သဏ္ဍာန်လုပ် သရုပ်တူအောင်လုပ်ပြ နိုင်ခဲ့တဲ့အတွက် သူ့ဘဝရဲ့ မှတ်တိုင် တစ်ခုတည်းသော အကယ်ဒမီဆုကို ရယူနိုင်ခဲ့တာပါ။

သူဟာ နောက်ပိုင်းမှာ ဟာသကားများကို ရိုက်လာခဲ့ပါတယ်။ တခါတလေ မရယ်ရတဲ့ ဟာသကားတွေ ရိုက်လာလို့ အင်တာဗျူးမေးတဲ့သူက သူ့ကိုမေးပါတယ်။ စူပါမင်းသားဖြစ်ပြီး ပေါကြောင်ကြောင်ကားတွေ ဘာကြောင့် လက်ခံရိုက်ကူးခဲ့တာလဲပေါ့။ သူပြန်ဖြေတယ်။ စူပါမင်းသားက ပေါကြောင်ကြောင်ကားမှ မဟုတ်ဘူး။ ဘာကားရိုက်ရိုက် ပိုက်ဆံရတယ်။ ဟောဟိုက မီးထိုးမှန်ထိုး ထရော်လီတွန်း စက်အဖွဲ့သားတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတယ်။ သူတို့အတွက် ကျုပ်တို့က ဇာတ်လမ်းမရွေးပဲ ရိုက်ပေးနေကြတာ။ စူပါမင်းသားပါတဲ့ ကားမှ ကြည့်ချင်ကြတဲ့ ခင်ဗျားတို့ ပရိသတ်အတွက်ပါ။ ကျုပ်တို့က တစ်ကားရိုက်ပြီး တစ်လလောက်ထိုင်စားလို့ရပေမယ့် သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေလေဗျာလို့ သူကြင်လည်တဲ့ သူ့အသိုင်းအဝိုင်းက အောက်လက်ငယ်သားတွေဘဝကို စာနာပေးခဲ့တဲ့ ဂရုဏာရှင် မင်းသားပါ။

သူ့မိတ်ဆွေ ဒါရိုက်တာတစ်ယောက် အကယ်ဒမီရတဲ့အခါ စင်မြင့်မှာ ပြောသွားတာသတိရမိတယ်။ ဒီဇာတ်ကားရိုက်ရင် ခင်ဗျား အကယ်ဒမီရမယ်လို့ မင်းသားကပြောပါတယ်တဲ့။ ဒါရိုက်တာကလည်း မင်းသားကို ခင်ဗျားလည်းရနိုင်တယ်လို့ ပြန်ပြောတော့ မင်းသားကပြောတယ်တဲ့၊ ကျုပ်က တစ်ခုရပြီးပြီ။ လုံလောက်ပါပြီတဲ့။ မရသေးတဲ့ လူတွေရပါစေဆိုပြီး ပြောခဲ့လို့ သူ့မိတ်ဆွေ ဒါရိုက်တာက လွမ်းဆွတ်သတိတရ ကျေးဇူးတင်စကားထဲ ထည့်ပြောသွားခဲ့တာပါ။ အဲ့ဒီကားနဲ့ သူပြောသလိုပဲ တစ်ခါမှ မရသေးတဲ့ သူ့တပည့်တစ်ယောက် အကယ်ဒမီရသွားခဲ့ပါတယ်။ အဲ့ဒီကားက မျှော်လင့်ခြင်းများစွာ။

သူဟာ သူ့ဦးလေးဖြစ်သူ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ အနုပညာမျိုးရိုးက ပေါက်ဖွားလာသူဖြစ်ပေမယ့် ကိုယ်တိုင်ကြိုးစား အားထုတ်မှု မရှိပဲနဲ့တော့ ပရိသတ်ရလာမှာ မဟုတ်ပါဘူး။ သူဟာ စတင်နာမည်ကြီးကာစမှ သေဆုံးတဲ့အထိ စူပါမင်းသားအဖြစ် ရပ်တည်သွားခဲ့သူပါ။ သူ့ကို အနီးကပ် ပါရမီ ဖြည့်ပေးခဲ့သူကတော့ သူ့ဇနီးပါ။ မင်းသားမဖြစ်ခင်ကတည်းက သမီးရည်းစားဖြစ်ခဲ့၊ လက်ထပ်ခဲ့ကြတဲ့ ငယ်ပေါင်းတွေပါ။ သူနာမည်မကြီးခင်မှာ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ အဖတ်မလုပ်ချင်မှု၊ အရောမဝင်ချင်မှု တွေနဲ့ ခံစားခဲ့ရသမျှ သူ့နှလုံးသားကို သူ့ဇနီးကပဲ အားပေးနှစ်သိမ့်ခဲ့ရတာပါ။ သူဟာ မခံချင်စိတ်နဲ့ ကြိုးစားနိုင်ခဲ့လို့ သူလိုချင်တဲ့ အောင်မြင်မှုကို လှမ်းကိုင်နိုင်ခဲ့တာပါ။

သူဟာ ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်တယ်။ ဒါပေမယ့် အင်ဂျင်နီယာအလုပ်ထက် အနုပညာအပေါ်မှာ ပိုပြီးရူးသွပ်ခဲ့သူပါ။ သူဟာ သီချင်းတွေလည်း ဆိုခဲ့သူပါ။ သူ့သီချင်းတွေဟာ လူသိနည်းခဲ့ပေမယ့် သူ့အသံနဲ့ ဖန်တီးခဲ့တဲ့ သူ့အနုပညာကတော့ကျန်ရစ်ခဲ့ပါတယ်။ သူဟာ သက်ရှိထင်ရှားမရှိတော့သည့်တိုင် စီးတီးFM ဧည့်ခံပွဲညမှာတော့ သူ့သူငယ်ချင်း အမျိုးသမီးအဆိုတော်နဲ့ တွဲပြီး ဘယ်တော့မှ မမေ့ဘူး ဆိုတဲ့သီချင်းကို ဆိုပြသွားပါသေးတယ်။ ဟုတ်ပါတယ်။ သူ့ကို အားလုံးက ဘယ်တော့မှ မမေ့ပါဘူး။

သူဟာ ပန်းချီကိုလည်း ရူးသွပ်ခဲ့သူပါ။ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ပန်းချီကားတစ်ကား ရေးဆွဲလေ့ရှိပါတယ်။ သူ့ပန်းချီတွေကို သူသေပြီးမှပဲ ပြပွဲလုပ်နိုင်ခဲ့ပါတယ်။

သူဟာ သေဆုံးချိန်မှာ အသက် ၄၂နှစ်ပဲ ရှိပါသေးတယ်။ သူ့နာရေးသတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ပြီး ပရိသတ်အားလုံး ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေလည်း သူ့သတင်းကို ကြားပြီး စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ သူ့ရိုက်ခဲ့တဲ့ကားတွေ၊ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွေနဲ့ သူ့အကြောင်း ရေးထားတဲ့ စာစောင်၊ မဂ္ဂဇင်းတွေ ရောင်းအားတက်သွားခဲ့ပါတယ်။ သူ့ဈာပနမှာ အလွန်များပြားတဲ့ ပရိသတ်ရဲ့ လိုက်ပါပို့ဆောင်မှုကို ရှောင်ရှားနိုင်ဖို့ အာရုဏ်တက်ချိန် မနက် ၄နာရီမှာ သဂြိုလ်ခဲ့ရပါတယ်။ ဒါတောင် ညအိပ်စောင့်ကြတဲ့ သူ့ကိုချစ်သော ပရိသတ်ရယ်၊ သူ့ရောင်းရင်း အနုပညာရှင်တွေရယ်နဲ့ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။ 

သူ့ကိုချစ်တဲ့ အနုပညာအသိုင်းအဝိုင်းက လူတွေလည်း သူ့ကို ဆုံးရှုံးလိုက်ရလို့ အရမ်းနှမြောခဲ့ကြရတယ်။ သူကတော့ သူချစ်တဲ့ အနုပညာနဲ့ သူ့ပရိသတ်တွေကို နှုတ်မဆက်ပဲ ရုတ်တရက် ခွဲခွာသွားခဲ့ပါတယ်။ သူရိုက်လက်စ၊ လုပ်လက်စ ရုပ်ရှင်ကားတွေနဲ့ အနုပညာအလုပ်တွေ အားလုံး တိုးလို့တန်းလန်းဖြစ်ကုန်ကြပါတယ်။ 

တစ်ချို့က လူစားထိုးပြီး ဆက်ရိုက်ကြသလို၊ တစ်ချို့က ဇာတ်ညွှန်းကို ပြန်ပြင်ရိုက်ခဲ့ကြရပါတယ်။ ဘယ်လိုပဲ ဖန်တီးဖန်တီး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တွေကတော့ ပရိသတ်ကို ဖမ်းစားထားနိုင်ဆဲပါပဲ။ 

လာမယ့် ဇူလိုင် ၁၁ ရက်နေ့မှာ သူကွယ်လွန်ခြင်း ၅နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမယ့် သူ့အသံ၊ သူ့ဟန်၊ သူ့အမူအယာ၊ သူ့စတိုင်နဲ့ သူ့နာမည်ကတော့ ဒီကနေ့ထိ မသေသေးပါဘူး။ သူလိုလူဟာလည်း တစ်ခေတ်မှာ တစ်ယောက်ပေါ်ထွန်းလာ တဲ့ ငွေကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့ပါတယ်။ 

သူကတော့  လေအဝေ့မှာ ပျယ်လွင့်ခဲ့ရတဲ့ ကြယ်တစ်ပွင့် ဒွေး (သို့မဟုတ်) ညှို့တတ်သော ပင်လယ်။ ။


Friday, June 8, 2012

နှမလက်လျှော့နေလေတော့



နှမလက်လျှော့နေလေတော့ရုပ်ရှင်ကိုရှိက်တဲ့ ဒါရိုက်တာက ပါကစ္စတန်နိုင်ငံ၊ ဒက်ကာမြို့က ဗိသုကာကုမ္မဏီတစ်ခုမှာ ဝင်ငွေကောင်းကောင်းနဲ့ အလုပ်လုပ်ခဲ့တဲ့ ဗိသုကာတစ်ယောက်ဖြစ်သည်။ အဲ့ဒီမှာ ကမ္ဘာကျော်အိန္ဒိယရုပ်ရှင်ဒါရိုက်တာကြီး ဆာတရာဂျစ်ရေးရဲ့ နာမည်ကြီး ဘဝသရုပ်ဖော်ဇာတ်ကားတွေကို ကြည့်ဖြစ်ရင်း ရုပ်ရှင်ရိုက်ချင်စိတ်ပေါက်လို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို စွန့်ပြီး အပြီးပြန်လာသည်။ ဗိသုကာအလုပ်လည်း မလုပ်တော့ပဲ ပန်းချီဆွဲသည်။ ရည်ရွယ်ချက်ကတော့ သူရုပ်ရှင်ရိုက်မည်။ သူဘာကြောင့် ရုပ်ရှင်ရိုက်ချင်စိတ်ပေါက်သွားတာလဲဆိုရင် ဆာတရာဂျစ်ရေးလို ရုပ်ရှင်မျိုးမှ မဖန်တီး လိုက်ရရင်၊ သူမရိုက်လိုက်ရရင် ဘယ်မှာလာပြီး အနုပညာမြောက်တော့မှာလဲ လို့သူတွေးမိခဲ့၍ ဖြစ်သည်။

နှမလက်လျှော့နေလေတော့ကို စတင်ရိုက်ကူးသည်။ အဲ့ဒီရုပ်ရှင် ရိုက်ကူးမှုတွေကို သူ့မိတ်ဆွေရင်းကြီးတွေ ဖြစ်တဲ့ ဆရာမောင်မိုးသူ (ဘကြီးမိုး)၊ ဆရာဇော်ဇော်အောင်၊ ဆရာကိုတာ တို့က သူ့ကောက်ကြောင်းကို ရေးသားထား၍ သိခဲ့ရသည်။
နှမလက်လျှော့နေလေတော့ကို ဘယ်လိုဖန်တီးခဲ့သလဲ။ ဘာတွေကို ပြချင်ခဲ့တာလဲ။ ဘယ်လောက်လှပအောင် ရိုက်ပြခဲ့သလဲ။
(၁)
နှင်းတွေထူထပ်စွာကျနေတဲ့ မနက်ခင်းတစ်ခုမှာ ဒါရိုက်တာလုပ်သူက ဆက်တင်တစ်ခု တည်ပါသည်။ အဲ့ဒါကတော့ ကမာရွတ် လှည်းတန်းထိပ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ဖြစ်သည်။ ဒါရိုက်တာ ရိုက်မည့် ဇာတ်ဝင်ခန်းက ပဲပြုတ်သည်တစ်ယောက် လမ်းလျှောက်လာတာကို ရိုက်ပြချင်သည်။ ပဲပြုတ်သည်အမျိုးသမီးတစ်ယောက် နှင်းတောထဲသို့ လျှောက်လာတာကို အဝေး ရိုက်ချက်နဲ့ ရိုက်သည်။ နှင်းတောထဲ မှုန်ဝါးဝါး ပဲပြုတ်တောင်းရွက်ပြီး အမျိုးသမီးတစ်ဦး လျှောက်လာတာကို အရှည်ကြီး အကြာကြီး ရိုက်ပြသည်။ ဒါရိုက်တာက ပန်းချီဆရာတစ်ယောက်လည်းဖြစ်တော့ ပန်းချီစိတ်ကူးနဲ့ ရိုက်သည်။ ပဲပြုတ်သည် တစ်ယောက်ရဲ့ ဘဝရုန်းကန်လှုပ်ရှားမှုကို သူတင်ပြသည်။ နှင်းတွေဒီလောက်ကျနေတဲ့ကြားက ဝိုးတဝါး လမ်းတွေကို အံတုလျှောက်ရင်း ဘဝအတွက် ရုန်းကန်နေရပုံကို ပန်းချီကားလေးတစ်ချပ်လို ရုပ်ရှင်ပိတ်ကားပေါ် သူတင်ပြသည်။ ပရိသတ်က စိတ်မရှည်။ ဒါရိုက်တာရဲ့ရိုက်ချက် ပန်းချီဆန်တာကို မတွေးမိကြ၊ မမြင်မိကြဘူး၊ ဘာမှ မဖြစ်ပဲ ကြာနေတာကို ပရိသတ်က ငြီးငွေ့သည်။

(၂)
နောက်တစ်ခါကျတော့ လှည်းတန်းမှာပဲ ရိုက်ကွင်းတည်ပြန်သည်။ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရဲ့ အပေါ်ထပ်မှာဖြစ်သည်။ သရုပ်ဆောင်မင်းသားက တရုတ်ကပ်ပြတင်းပေါက်နောက်ကနေ အပြင်ကို ကြည့်နေတဲ့အခန်းဖြစ်သည်။ ဒီနေရာမှာ ဒါရိုက်တာက မင်းသားရဲ့မျက်နှာပေါ်ကို တရုတ်ကပ်က အရိပ်ထိုးပြီး အလင်းရောင် အစင်းလေးတွေဖြစ်နေတာကို ရိုက်ချင်သည်။ အခန်းရဲ့နောက်ခံက မှောင်နေရမည်။ မင်းသားမျက်နှာတစ်ခုထဲကိုပဲ အစင်းစင်းအလင်းရောင် ထိုးနေတဲ့ အနီးကပ်ရိုက်ချက်ကို လိုချင်သည်။ ကင်မရာမင်းက တရုတ်ကပ်ကို ဖြတ်ပြီး စလိုက်မီးပေးထားသည်။ ဒါကို ဒါရိုက်တာက လုံးဝသဘောမကျ။ မကျေနပ်။ ကင်မရာမင်းကို တစ်ဖွဖွပြောနေသည်။
“မှောင်မှောင်လေး လိုချင်တာ၊ မှောင်မှောင်လေးလိုချင်တာ” နဲ့တစ်ပြောတည်းပြောနေခဲ့သည်။ ဒါရိုက်တာက ပန်းချီဆရာမို့ ပကတိမျက်စိနဲ့ မြင်နေတဲ့ အလင်းရောင်ကို သဘောကျနေခြင်းဖြစ်သည်။ ဖလင်ပေါ်မှာ ထင်လာမယ့် အရုပ်နဲ့အရောင်ကို သူမသိဘူး။ သူသိတာ သရုပ်ဆောင်မင်းသားရဲ့ မျက်နှာပေါ်မှာ သဘာဝအလင်းတန်း အစင်းလေးတွေ မှိန်မှိန်လေး လှနေတာ ကိုပဲ လိုချင်သည်။

(၃)
နောက်ပြီး မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းမြို့တစ်မြို့မှာ ရိုက်ကွင်းသွားတည်ကြသည်။ မြစ်ဝကျွန်းပေါ် ရေကျချိန်မှာ ဆိပ်ကမ်းက တစ်မျှော်တစ်ခေါ် သဲသောင်ပြင်ကြီးကို ဖြတ်ပြီးလာတဲ့ လှည်းတန်းကြီးကို ရိုက်မှာဖြစ်သည်။ ဒါရိုက်တာက လှည်းတန်းကြီး ဟိုအဝေး မှုန်မှုန်ပျပျလေးမှ နီးလာတဲ့အထိ ဒီအတိုင်း ကင်မရာကို ထောင်ပြီးရိုက်သည်။ လှည်းတန်းကြီး တလှုပ်လှုပ် လာနေတာကို အကြာကြီးထိုင်ကြည့်နေရတော့ ရုပ်ရှင်ကြည့် ပရိသတ် အတော့်ကို သည်းမခံနိုင်အောင် ကြာသည့် ရိုက်ကွက်ဖြစ်သည်။ ဒါရိုက်တာက သဲသောင်ပြင်ရဲ့ အဖြူအားကို ယူထားခြင်းဖြစ်သလို ကျယ်ပြောမှုကိုလည်း ယူထားသည်။ ရိပ်ရိပ် ရိပ်ရိပ်နဲ့ လှုပ်ရှားမှုအမည်းရောင် အစုကလေးကိုလည်း ယူထားသည်။ အဖြူနဲ့အမည်း နှစ်မျိုးကို ကမ်းဘတ်ပေါ်မှာခြယ်သလို ဖလင်ထဲမှာပါခြယ်ပြချင်သည်။ ရိုက်ချက်က လှသလောက် ပရိသတ်အကြိုက် မတွေ့ခဲ့ပါ။ ဘာတွေပြနေတာလဲဆိုပြီး အော်ကြသည်။

(၄)
နောက်ဇာတ်ဝင်ခန်းကတော့ မင်းသားလွမ်းရတဲ့အခန်းဖြစ်သည်။ သရုပ်ဆောင်မင်းသား အင်းလျားကန်စောင်းမှာ လွမ်းရမယ့် အခန်းကို ရိုက်ပြသည်။ နောက်ခံတီးလုံးမပါ။ နောက်ခံသီချင်းလည်းမပါ။ လှုပ်ရှားမှုလည်း မရှိ။ ဘာစကားမှလည်း မပြော။ လွမ်းလွမ်းဆွေးဆွေးအိုက်တင်နဲ့ ငူငူကြီးရပ်နေတာကို အကြာကြီးရိုက်ပြသည်။ ဒီတော့ ပရိသတ်က အော်ဆဲတော့သည်။ ဆဲလည်းဆဲချင်စရာ။ လွမ်းခန်း ဆွေးခန်းမျိုးမှာ အလွမ်းသီချင်းလေးဘာလေးဆို၊ သနားစရာ တီးလုံးလေးဘာလေး ထည့်မှ ပရိသတ်ကပါ သနားပြီး လိုက်လွမ်းမှာပေါ့။ အခုတော့ ဒါရိုက်တာလုပ်ပြလိုက်တာ ပရိသတ်တွေ ဒေါသမထွက်ပဲနေနိုင်ရိုးလား။

ဒါပေမယ့် ဒါရိုက်တာပြချင်တာက လူတစ်ယောက်ဟာ စိတ်ညစ်တဲ့အခါ တစ်ယောက်တည်း တစ်နေရာမှာ ငိုင်ပြီး နေတတ် ပါတယ်။ အဲ့ဒီအခါမှာ ဘယ်သူကမှလည်း သီချင်းမဆိုပေးဘူး။ ဘာတီးလုံးမှလည်း မရှိဘူး။ စိတ်ညစ်တဲ့အကြောင်း စီကာပတ်ကုံးလည်း ပြောမနေဘူး။ ငေးနေမယ်၊ တွေးနေမယ်၊ ငိုင်နေမယ်၊ ငေါင်နေမယ်။ ဒါပဲ။ အဲ့ဒါကို ဒါရိုက်တာက ပြချင်တာ။ အင်းလျားကန်ရေပြင်၊ သစ်ပင်၊ ကန်စောင်း စတာတွေနဲ့ လူတစ်ယောက် လွမ်းနေတာကို ပန်းချီကားလေးတစ်ချပ်သဖွယ် ပြချင်သည်။ ပန်းချီဆရာမို့ ပန်းချီတွေးလေး တွေးခဲ့သည်။ အဲ့ဒီ အတွေးက တကယ်လည်း လက်တွေ့မှာ မှန်ကန်သည်။ လူတိုင်း လွမ်းဖူး၊စိတ်ညစ်ဖူးပါသည်။ ဒါရိုက်တာက အဲ့ဒါကို ပြခဲ့သော်လည်း ပရိသတ်တွေက ဘာမှ မခံစားတတ်ခဲ့။ ဆဲဖို့ပဲ တတ်သည်။ ဆဲလိုက်ကြပြန်သည်။

(၅)
ထိုနည်း၎င်း မင်္ဂလာဦးည ရိုက်ချက်ကလည်း ကင်မရာကို အသေထောင်ပြီး လှုပ်ရှားမှုမရှိတဲ့ လူအရုပ်နှစ်ရုပ်ကို အကြာကြီးပြတာမျိုးလုပ်ခဲ့သည်။ ပထမဆုံး နှစ်ယောက်အိပ် ရှေးကုတင်ကြီးကိုပြသည်။ ခြင်တောင်တိုင်က ပွတ်လုံး ကနုတ်ပန်းခက်တွေနဲ့ဖြစ်သည်။ မင်းသားနဲ့ မင်းသမီးက ချစ်သူရည်စားတွေမဟုတ်ပဲ မြစ်ဝကျွန်းပေါ်မြို့လေးတစ်မြို့က ပြန်လာတော့ မိန်းမရလာခြင်းဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် မမျှော်လင့်ပဲ ဗြုန်းစားကြီး လက်ထပ်လိုက်ရတာမို့ အစက မမြင်ဖူးကြပဲ လက်ထပ်တဲ့နေ့မှ တွေ့ဖူးမြင်ဖူးကြခြင်းဖြစ်ရာ အခုသူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးည ဇာတ်ဝင်ခန်းကို ရိုက်မည်။

မင်းသားက ခုတင်ခေါင်းရင်းက ပွတ်ရင်းတိုင်ကြီးကို ကိုင်ပြီးရပ်နေသည်၊ မင်းသမီးက ခြေရင်းကတိုင်ကို ကိုင်ရင်း ရပ်နေသည်။ ဘာဆို ဘာမှ မပြောဖူး။ အရုပ်တွေလိုပဲ ငြိမ်ရပ်နေကြသည်။ မြင်ကွင်းထဲမှာ မင်းသားက ညာဘက်ခြမ်းခေါင်းရင်း၊ မင်းသမီးက ဘယ်ဘက်ခြမ်းခြေရင်း။ ကန့်လန့်ဖြတ်အနေအထားမျိုးအကြာကြီးရိုက်ပြသည်။ အဲ့ဒီနေရာမှာတော့ နောက်ခံသီချင်း ပါလာသည်။ ထိုသီချင်းက ဒီတိုင်းထွက်လာတာမဟုတ်ဖူး။ ခုဏက မင်္ဂလာဦးမောင်နှံအခန်းရိုက်ပြနေရာက ဖြတ်ပြီး မြစ်ထဲ သမ္ဗန်တစ်စင်းနဲ့ လူတစ်ယောက် သမ္ဗန်ခက်ရင်း သီချင်းဆိုနေတာကို ရိုက်ပြသည်။ နောက်က သီချင်ဆိုတဲ့ လူရဲ့ အသံဝါ၊ အသံသြကြီးပဲပါသည်။ ဘာတီးလုံးမှ မပါ။ ဆိုနေတဲ့သီချင်းက အငြိမ့်မင်းသမီးဒေါ်စိန်ငုံရဲ့ ပန်းကလေးတွေနဲ့ဝေ။ ယောက်ကျား သံသြသြကြီးနဲ့ ဆိုပြတာ အသံကလည်း အောင်သည်။ သမ္ဗန်ခတ်ရင်း သီချင်းဆိုတဲ့လူကို ပြလိုက်၊ ခြင်ထောင်တိုင် ကိုင်ပြီး ကန့်လန့်ဖြတ် တွေတွေကြီး ရပ်နေကြတဲ့ မင်္ဂလာဦးမောင်နှံကိုပြလိုက်၊ သမ္ဗန်ကိုပြလိုက်နဲ့ တဖျပ်ဖျပ် ရိုက်ပြသည်။ စန္ဒယား၊ တယော၊ ပတ္တလား ဘာတီးလုံးမှ မပါပဲ သီချင်းဆိုသံသက်သက်နဲ့ လှော်တက်နှစ်ချောင်း လက်ကြက်ခြေခတ်ထိုးပြီး ကုန်းရုန်း သမ္ဗန်ခတ်နေတဲ့လူရယ် မင်္ဂလာဦးညရယ်ကို ဆက်စပ်ပြသွားခြင်းဖြစ်သည်။

(၆)
ပြီးတော့ မိန်းမမရခင်က ဇာတ်ဝင်ခန်းတွေအားလုံး အမှောင်တွေချည်းရိုက်ပြခဲ့ကာ ယခု မိန်းမရပြီးနောက် ဇာတ်ဝင်ခန်းများ အားလုံး လင်းလင်းကျင်းကျင်းဖြစ်အောင် ဒါရိုက်တာက ဖန်တီးပြထားသည်။ အရင်က ပျဉ်ထောင်အိမ်အပေါ်ထပ်မှာ ခပ်မှောင်မှောင်ရှိခဲ့ပေမယ့် အခုလင်းလာခြင်းနဲ့ရိုက်ပြတာဟာ ဘဝရဲ့ အပိုင်းအကန့်နှစ်ခုကို အလင်းအမှောင်သဘောနဲ့ ပြသွားခြင်းဖြစ်သည်။ မီးဖို၊ ဒယ်အိုး၊ သံယောက်မ၊ ပန်းကန်နှစ်ချပ်၊ အဲ့ဒီ မီးဖိုချောင်ပစ္စည်းတွေကို အကြာကြီးရိုက်ပြသည်။ ဘဝအသစ်တစ်ခု၊ ကဏ္ဍသစ်တစ်ခုကို  ဇွန်းတွေ၊ သံယောက်မတွေ၊ ဒယ်အိုးတွေ ပြောင်လက်နေတာရယ် လင်းနေတဲ့ အခန်းရယ်နဲ့ ရိုက်ပြသွားတာ ပညာသား၊ အနုပညာသား အများကြီးပါသည်။

(၇)
ချစ်ခန်းကြိုက်ခန်းလို့ပြောတဲ့ Love Scene ဆိုတာ သရုပ်ဆောင်မင်းသားနဲ့ မင်းသမီးတို့ ရယ်ရယ်ပြုံးပြုံး လျှောက်လည် ကြတာတွေ၊ ပြေးလွှားဆော့ကစားတာတွေ၊ တစ်ဦးနဲ့တစ်ဦး ကျီစားတာတွေ၊ မင်းသားရဲ့လက်ကိုဆွဲပြီး သွားမယ်၊ မင်းသမီးရဲ့ ခါးကိုဖက်ပြီးသွားမယ်၊ မင်းသားရဲ့ပခုံးလေးကိုမှီပြီး မင်းသမီးက စကားတွေတီတီတာတာ ပြောမယ်။ ပန်းပွင့်ကလေးတွေ၊ လိပ်ပြာကလေးတွေ၊ ငှက်ကလေးတွေနဲ့ သာယာစဖွယ်ရိုက်ကြတာဖြစ်သည်။ နောက်ခံတီးလုံးလေးတွေ၊ သီချင်းတွေနဲ့ ဝေဝေဆာဆာ ရိုက်ပြကြသည်။ ဒါပေမယ့် ဒါရိုက်တာက အဲ့သလို ဇာတ်ဝင် ခန်းတွေ မရိုက်ချင်ဘူး။ သူရိုက်ပြခဲ့တဲ့ ချစ်ခန်းကြိုက်ခန်းက မင်းသားရဲ့လက်နဲ့ မင်းသမီးရဲ့လက်ပဲ ပါသည်။ လူရုပ်တောင် မပါဘူး။ ခေါင်းအုံးစွပ်ဖြူဖြူလေးစွပ်ထားတဲ့ ခေါင်းအုံး နှစ်လုံးကို အရင်ဆုံးရိုက်ပြသည်။ ခေါင်းအုံးပေါ်မှာ အိပ်ထားလို့ ခွက်ဝင်နေတဲ့အရာကို ရိုက်ပြသည်။ အနီးကပ်ဆွဲယူလာပြီး ခေါင်းအုံးဖြူဖြူပေါ်မှာ ဆံညှပ် (ကလစ်) ကလေးတစ်ချောင်း၊ ဆံပင်ခြည်တစ်မျှင်ကို အသေအချာရိုက်ပြသည်။ ကြာကြာလေးရိုက်ပြပြီးမှ မြင်ကွင်းထဲသို့ ယောက်ကျားလက်တစ်ဖက် ဝင်လာသည်။ ပြီးတော့ မိန်းမလက်တစ်ဖက်ဝင်လာသည်။ လက်နှစ်ဖက်ဆန့်ထားပုံက ဖလင်ပေါ်မှာ ထောင့်ဖြတ်အနေအထား ဖြစ်အောင် ကင်မရာမင်းကို အသေအချာယူခိုင်းသည်။ ယောက်ကျားလက်က ဆံညှပ်ကို အသာလေးကောက်သည်။ မိန်းမလက်ထဲ လှန်းပေးသည်။ ယောက်ကျားလက်က မည်းပြီး မိန်းမလက်က ဖွေးသည်။ အဲ့ဒီအဖြူနဲ့ အမည်းကို ခေါင်းအုံးအဖြူ နောက်ခံနဲ့ရှိက်ပြသည်။

ဒါရိုက်တာရိုက်ပြလိုက်တဲ့ ချစ်ခန်းကြိုက်ခန်းဟာ ပိတ်ကားပေါ်မှာ မမြင်ရတဲ့၊ ရိုက်ပြမထားတဲ့အရာကို ကိုယ့်ဖာသာ ခံစားကြည့်နိုင်အောင် ဖန်တီးခဲ့သည်။ကြည့်တဲ့ ပရိသတ်ကို ဖွင့်ပေးထားသည်။ အဲ့ဒီခံစားမှုကို ကိုယ့်ဟာကို တည်ဆောက်ယူဖို့ ဒါရိုက်တာက ရိုက်ပြခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့သော ရိုက်ချက်များကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ကျော်ကတည်းက သူရိုက်ပြခဲ့သည်။ သူက ရုပ်ရှင်ပိတ်ကားကို ပန်းချီကားတစ်ချပ်လို့ သဘောထားပြီး အဲ့ဒီရိုက်ချက်တွေနဲ့ နှမလက်လျှော့နေလေတော့ ကိုအသက်သွင်းခဲ့သည်။ အနုပညာစွမ်းရည် အပြည့်၊ ဖန်တီးမှုစွမ်းရည် အပြည့်နဲ့ ဒီဇာတ်ကားကို ရိုက်ခဲ့သည်။ ပရိသတ်အားပေးမှု မရခဲ့။ လူကြိုက်နည်းခဲ့သည်။ ငွေရေးကြေးရေးအရလည်း အရှုံးကြီး ရှုံးခဲ့သည်။ ရှုံးမယ်ဆိုတာ သိသိကြီးနဲ့ သူ့အနုပညာကို ပြခဲ့သည်။ ထို့ပြင် သူ့အနုပညာပါဝါဟာ ဘာဆိုတာကို ပြနိုင်ခဲ့သည်။ ပရိသတ်တွေဆဲဆို အော်ဟစ်ရင်း အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ သူ့ရဲ့ နှမလက်လျှော့နေလေတော့ဟာ ယနေ့တိုင် အနုပညာအရ အောင်မြင်နေဆဲ ပြောစမှတ်တွင်နေဆဲ အသိအမှတ်ပြုခံနေရဆဲ ဖြစ်ပါသည်။ သူ့ကိုလေးစားတဲ့ ချစ်တဲ့၊ သူ့အနုပညာကို မြတ်နိုးတန်ဖိုးထားတတ်တဲ့သူတွေဟာ သူ့ကို လုံးဝ မမေ့ထားကြပါဘူး။ သူကတော့ ပန်းချီ (ဆရာကြီး) ခင်မောင်ရင် ပဲဖြစ်ပါတော့သည်။ ။