Sunday, April 6, 2014

ပြည်သူတွေခဲလေသမျှ…သဲရေကျမဖြစ်စေလိုပါ



၂၇-၃-၂၀၁၄ နေ့ထုတ် The Politics ဂျာနယ်မှာပါရှိသည့်စာရေးသူ၏ (၁၀)ပုဒ်မြောက်ဆောင်းပါး။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပေးခဲ့တဲ့သူတွေဟာ တကယ့်ပညာရှင်ကြီးတွေပါ။ ဥပဒေသမားတွေပါသလို တတ်သိပညာရှင်တွေလဲပါ၏။ သို့သော် သူတို့ပညာတွေဟာ တစ်လွဲဆံပင်ကောင်း ဖြစ်ခဲ့ရ၏။ ရင်နာနာနဲ့ ခပ်ဆတ်ဆတ်လေးပြောရရင်တော့ စိုင်ကော်လို့…ချုံပေါ်ရောက်လာကြတဲ့အတွက် တစ်လုတ်စားဖူး သူ့ကျေးဇူးတွေကို မလွန်ဆန်ရဲခဲ့ကြတာ အထင်အရှားပါပဲ။ ကျွန်တော်တို့ငယ်ငယ်ကသင်ရတဲ့ ငှက်ကလေးနှစ်ကောင်ပုံပြင်လိုပေါ့။ ရသေ့ကြီးသူတော်ကောင်းကြီးဆီရောက်သွားတဲ့ဌက်က စိတ်နှလုံး အေးချမ်းဖြူစင် ပြီး သူတော်ကောင်းတရားနဲ့ပြည့်စုံသွားရသလို သူခိုးဓါးမြတွေလက်ထဲရောက်သွားတဲ့ ဌက်ကျတော့ လုမယ် ယက်မယ် သတ်မယ် ဖြတ်မယ်နဲ့ စိတ်နှလုံးသားတွေ ခက်ထန်ကြမ်းကြုပ်သွားရရှာ၏။ ထိုနည်း၎င်းပင်။ ဒီ၂၀၀၈အခြေခံဥပဒေကို ရေးဆွဲပေးခဲ့ကြတဲ့ ပညာရှင်များဟာ တံငါနားနီးတံငါ…မုဆိုးနားနီးမုဆိုးဖြစ်သွားပုံပေါ်သည်။ ပညာရွှေအိုး လူမခိုးလို့ဆိုပေမယ့် သူတို့ပညာတွေကတော့ အခိုးခံရရုံတင်မက အဖျက်ဆီးပါခံလိုက်ရသည်။ ပြည်ပန်းညိုချိုပါလျက်…ဆားခတ်မှ အရသာပျက် ဖြစ်သွားရတော့၏။ နဂိုရှိပြီးသား ပညာတွေဟာ ပြည်ပန်းညိုလိုချိုပါလျက်နဲ့ ရာထူးပါဝါအာဏာဆားတွေ အခတ်ခံလိုက်ရတဲ့အခါ ငံတူးပြီး အရသာပျက်သွားပါတော့၏။ ပညာတွေတတ်ပြီး ဆင်ခြင်တုံနည်းခဲ့တာလို့ပဲ ပြောလိုက်ချင်သည်။ တစ်ချို့လဲ လက်ရှိအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေထဲမှာ ရှိချင်ရှိနေကြပါလိမ့်မည်။ တစ်ချို့လဲ သက်ရှိထင်ရှားနဲ့ အိမ်ထဲမှာနေရင်း သတင်းဂျာနယ်တွေဖတ်၊ ရုပ်သံတွေကြည့်ပြီး နောင်တတွေပဲရနေမလား၊ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ပဲယူနေကြမလား မသိပါ။ ဒီအချိန်ကျမှတော့ အပြစ်စကားပြောလဲ အချည်းအနှီးဖြစ်ရုံမှအပ ဘာများတတ်နိုင်ပါဦးမလဲ။
ထိုစဉ်အချိန်က ပညာရှင်ဆိုသူတစ်ချို့ဟာ ပဒိုင်းသီးလို ဆုပ်လဲစူး..စားလဲရူးဖြစ်ခဲ့တာပါ။ ရွေးစရာလမ်းမရှိ ချောင်ပိတ်မိသလို  နီးရာဓါးလဲကြောက်ခဲ့ရတာ ဖြစ်ကောင်းဖြစ်နိုင်၏။ ကြောက်လဲကြောက်ရလောက်၏။ စေခိုင်းသူတို့ပါးစပ်ထဲမှာ အမိန့်တွေရှိသလို သူတို့အဆုံးအဖြတ်ဟာ လူတစ်ယောက်ကို ဘဝပျက်သွားအောင်အထိ ဖန်တီးနိုင်စွမ်းတွေ အပြည့်ရှိထားသည်။ တစ်ယောက်တည်းဖြစ် တစ်ယောက်တည်းခံအခြေအနေမှာ စဉ်းစားချိန်ရသော်လည်း အဲ့ဒီအချိန်က အုပ်စိုးသူ အကြီးအကဲများဟာ သက်ဦးဆံပိုင်ဘုရင်စနစ်တုန်းကလိုပဲ တစ်နွယ်ငင် တစ်စင်ပါ၊ မိသားစုဆွေမျိုးတွေကိုပါ ဒုက္ခပေးတတ်တာ သမိုင်းသက်သေတွေရှိနေပြီးပြီမို့ ပညာရှင်ဆိုသူတွေ မလူးသာ မလိမ့်သာဖြစ်ခဲ့ရ၏။ ဒါပေမယ့် တကယ်သာ တိုင်းပြည်နဲ့ လူထုကို ငဲ့ခဲ့မယ်ဆိုရင်၊ ကိုယ်ကျိုးကိုမကြည့်ဘဲ အများအကျိုးအတွက် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့မယ်ဆိုရင်ရော မရဘူးလားလို့ မေးချင်သည်။ ရနိုင်ပါသည်။ တစ်ခုခုအကြောင်းပြပြီး တာဝန်က အနားယူလိုက်လို့ရသည်။ ဒါဆိုဦးနှောက်စားစရာလဲမလိုတော့ဘူး။ စိတ်ပင်ပမ်း လူပင်ပမ်းလဲမခံရတော့ဘူး။ သမိုင်းတရားခံတွေစာရင်းထဲ ကပ်ပါသွားစရာအကြောင်းလဲမရှိတော့ပါဘူး။ ဒါက ကျွန်တော့်အမြင်။ ပညာရှင်ဆိုသူတစ်ချို့ရဲ့အမြင်မှာတော့ ခိုင်းတာကိုမလုပ်ရင် ငြိုငြင်ခံရမယ်၊ ပြဿနာရှာခံရမယ်၊ သူတို့မလုပ်နိုင်ရင် လုပ်နိုင်တဲ့သူတွေနဲ့ မရရအောင် ဆက်လုပ်သွားမှာကတော့ အသေအချာပင်။ အဲ့ဒီအခါ နောက်လာတဲ့မောင်ပုလဲ…ဒိုင်းဝန်ထက်ကဲ တွေနဲ့တည့်တည့်တိုးသွားမှ ဒီထက်ပိုဆိုးဖွယ်ရှိသည်။ နောက်ဆုံးတော့လဲ  သူတို့ကိုယ်၌က ပိုးဖလံမျိုး မီးကိုတိုးခဲ့ကြလေတော့ သမိုင်းမှာ နာမည်ကောင်းမချန်ရစ်နိုင်ခဲ့တာ ရင်နာစရာ မဟုတ်တော့ပါဘူး။
ကျွန်တော်ဘာကြောင့် ၂၀၀၈အခြေခံဥပဒေနဲ့ပတ်သက်ပြီး ရေးဆွဲခဲ့တဲ့သူတွေအကြောင်းပြောနေရသလဲ ဆိုရင် အကြောင်းရှိလို့ပါ။ သူတို့ဟာ လူတစ်စုအလိုကျလုပ်ခဲ့ကြပြီး လူထုတစ်ရပ်လုံးကို မျက်ကွယ်ပြုခဲ့ကြသူတွေ ဖြစ်၏။ ယင်း၂၀၀၈အခြေခံဥပဒေရေးဆွဲခဲ့တဲ့သူတွေရဲ့စိတ်ဓါတ်နဲ့ခံယူချက်တွေကိုကြည့်ပြီးရင်နာခဲ့ကြရ၏။ ဒါကြောင့် နောက်နောင်  အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဘယ်သောအခါမှရင်မနာချင်တော့ပါဘူး။ အကြောင်းကတော့ သူတို့ရေးဆွဲခဲ့တဲ့၂၀၀၈အခြေခံဥပဒေကြီး ပြင်ဆင်ရေးအတွက် အခုဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီကိုဖွဲ့ပြီး မူကြမ်းရေးဆွဲနေပါပြီ။ အဲ့ဒီမူကြမ်းရေးဆွဲတဲ့သူတွေကြောင့် ကျွန်တော်တို့ပြည်သူတွေ နောက်ထပ်တစ်ကြိမ် အံ့အားသင့် ရင်နာရမယ့်အဖြစ်မျိုးမှ ကင်းဝေးချင်သောကြောင့်ဖြစ်ပါသည်။ ပြတ်သားဖို့၊ မျှတဖို့၊ မှန်ကန်ဖို့ အရေးကြီးပါသည်။
၁၉၉၃ခုနှစ်မှာစတင်ပြီး ၁၅နှစ်ကြာ ရေးဆွဲခဲ့တဲ့ ယင်း၂၀၀၈အခြေခံဥပဒေဆိုတာကြီးဟာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှမရှိတဲ့ ပြင်ရ၊ ဖျက်ရ၊ ဖြည့်စွက်ရ ခက်ခဲလွန်းတဲ့ တစ်ခုတည်းသော အခြေခံဥပဒေဖြစ်နေသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘာနဲ့အလားသဏ္ဍာန်သွားတူနေသလဲဆိုတော့ “အပေါ်ယံရွှေမှုန်ကြဲ… အထဲက နောက်ချေးခံ” ဆိုသလို ဖြစ်နေသည်။ အပေါ်ယံကြည့်ရင်တော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတည်းဟူသော လောကပါလတရားတွေနဲ့ ပြည့်စုံနေသလို ရွှေမှုန်တွေကြဲထားပြီး အထဲမှာတော့ တရားမျှတမှုမရှိ၊ လွတ်လပ်မှုမရှိ၊ ငြိမ်းချမ်းမှုမရှိတဲ့ ဥပဒေတွေနဲ့ ထည့်သွင်းပြဌာန်းထားသည်။ အကန့်အသတ်တွေနဲ့ချုပ်ချယ်ထားသည်။ အနှစ်သာရကတော့ အထဲမှာ နောက်ချေးတွေကြီးပဲဖြစ်နေသည်။ ပြည်သူတွေအဖို့ကတော့ အဲ့ဒီ အပေါ်ယံရွှေမှုန်ကြဲ…အထဲနောက်ချေးခံထားတဲ့ အခြေခံဥပဒေကြီးကို မချစ်သော်လည်း အောင့်ကာနမ်းနေရသည်။ နောက်ချေးတွေမှန်းသိပေမယ့် ယင်းနောက်ချေးတွေကို ဖယ်ရှားဖို့နည်းလမ်းက နောက်ချေးကို မနမ်းဘဲနဲ့တော့မရ။  
            ၂၀၀၈အခြေခံဥပဒေကို အခန်း (၁၅)ခန်းနဲ့ရေးဆွဲထားသည်။ ဥပဒေပုဒ်မပေါင်း ၄၅၇ မျိုးပါဝင်သည်။ အဲ့ဒီထဲကမှ ၉၅မျိုးသော ပုဒ်မတွေကို ဖွင့်မရအောင် သေတ္တာတစ်လုံးထဲထည့် ခတ်မည့်သော့ကိုပါ ယင်းသေတ္တာထဲ ထည့်သိမ်းပြီး ပိတ်ထားသလိုဖြစ်နေသည်။ အကယ်၍ ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် ပုဒ်မပေါင်း ၄၅၇မျိုးထဲက ၃၆၂မျိုးသော ပုဒ်မတွေကိုပြင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်ကသဘောတူလက်ခံရုံနဲ့ ပြင်လို့ရ၏။ သေတ္တာတစ်လုံးထဲထည့်ပြီး သော့ပါထည့်သိမ်း ပိတ်ထားတဲ့ ၉၅မျိုးသော အရေးကြီးပုဒ်မများကို ပြင်ချင်တယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်က သဘောတူ လက်ခံရုံနဲ့ မပြီးဘူး။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ဖို့အတည်ပြုနိုင်မှာဖြစ်သည်။ ထို့ကြောင့် သေတ္တာထဲ ထည့်သိမ်းထားတဲ့ ပုဒ်မတွေကို ပြင်ဆင်ဖို့ သေတ္တာဖွင့်မယ့်သော့ကို အရင်ရအောင် လုပ်ရမည်။ ထိုသော့သည် ပုဒ်မ(၄၃၆)(က)ပင်ဖြစ်သည်။
            လွယ်မယောင်နဲ့ခက်…တိမ်မယောင်နဲ့နက်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် ယခုနှစ်အတွင်း အပြီးဆောင်ရွက်နိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ နောက်နှစ် ၂၀၁၅တွင် အထွေထွေရွေးကောက်ပွဲကျင်းပတော့မှာဖြစ်လို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာတွေက ရှိလာနိုင်သေးသည်။ ထိုအခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ မပြီးပြတ်ခဲ့လျှင် ဝ..မရှိဘဲ…ဝိလုပ်လို့မရတဲ့အဖြစ်မျိုး ကြုံရနိုင်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မှသာလျှင် တရားမျှတတဲ့ ဒီမိုကရေစီရွေးကောက်ပွဲစစ်စစ်ဖြစ်လာမှာ ဖြစ်သည်။ ဖွဲ့စည်းပုံမပြင်နိုင်ဘဲ ရွေးကောက်ပွဲလုပ်လျှင် တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတစ်ခုအဖြစ် ကမ္ဘာက ထင်သွားနိုင်သည်။ ဒီလိုအထင်ခံရတဲ့ အခြေအနေမျိုးကို သမ္မတကြီးရော၊ လွှတ်တော်ဥက္ကဌနှစ်ယောက်ရော၊ ကာ/ချုပ်ရော၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌရော အားလုံးကအဖြစ်ခံမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ဟာ စကားတွေကျွံထားခဲ့ပြီးကြပြီ။ ကြမ်းကျွံရင် နှုတ်လို့ရ၏။ စကားကျွံရင်တော့ နှုတ်မရတော့ပါ။ ဒါပေမယ့် ဟိုအရင် စစ်ဘောင်းဘီဝတ်ခဲ့ကြစဉ်ကလို မျက်နှာပြောင်တိုက်တတ်တဲ့ အကျင့်တွေတော့ ရှိလိမ့်ဦးမယ် မထင်တော့ပါဘူး။ ဒီလိုဆိုရင် သူတို့တွေဟာ နိုင်ငံတကာနဲ့ မြန်မာပြည်သူလူထုကို ပေးထားပြီးတဲ့ ဂတိစကားတွေကြောင့် ဖွဲ့စည်းပုံပြင်ဖို့ကိစ္စကို အကောင်အထည် ဖော်ပေးလိမ့်မယ်လို့ ယုံကြည်ရပါသည်။ အထူးသဖြင့် လွှတ်တော်နာယကကြီးက ဖွဲ့စည်းပုံပြင်ပေးမယ်လို့ ပြောထားတာကို ပိုပြီး ယုံကြည်ချင်ပါသည်။ ဘာလို့လဲဆိုတော့ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတဲ့ ဆောင်ပုဒ်တွေကြောင့် ပြည်သူတို့တကယ် တောင်းဆိုနေတဲ့အသံကို လွှတ်တော်က ကြားနိုင်မယ်လို့ထင်ပါသည်။ ပြည်သူတို့ရဲ့ရင်ထဲကဆန္ဒအမှန်တွေကိုလဲ လွှတ်တော်က သိနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါသည်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ပေးမယ့်ကိစ္စကို အကြွင်းမဲ့ယုံကြည်ထားပါသည်။
            သို့သော် ဒီနေရာမှာ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး အဖြစ်မျိုးတော့ မဖြစ်ချင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပေးပါမယ်လို့ ပြောပြီး ကျွန်တော်အထက်မှာတင်ပြခဲ့သလို ၄၅၇မျိုးသော ပုဒ်မတွေအနက်က ၃၆၂မျိုးသော ပုဒ်မတွေကို ပြင်ပေးရုံနဲ့တော့ ဖွဲ့စည်းပုံပြင်ပေးရာမရောက်ပါဘူးလို့ဆိုချင်ပါသည်။ အမှန်တကယ် ပြည်သူတွေ တောင်းဆိုနေတဲ့၊ ပြင်ဆင်ပေးစေလိုတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရာ ရောက်ပါလိမ့်မယ်လို့ ပြောချင်ပါသည်။ ဒါဆို ပြည်သူတွေတောင်းဆိုနေတဲ့၊ ပြင်ဆင်ပေးစေလိုတဲ့ ဥပဒေတွေက ဘာတွေလဲလို့မေးလာနိုင်ပါသည်။ အဓိကအချက်တစ်ချို့ကိုဘဲ ပြောပြပါမည်။
ပုဒ်မ၆(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်ဆိုတဲ့အချက်။ တပ်မတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး ကိုသာ အစဉ်တစိုက်ဦးတည်ဆောင်ရွက်သင့်ပါသည်။ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က ပါဝင်ပတ်သက်စရာမလိုအပ်ပါ။ ဒါကြောင့် အဆိုပါပုဒ်မကို ပယ်ဖျက်သင့်ပါသည်။ တခါ ပုဒ်မ၂၆(က) နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဟု ဆိုထားပြန်သည်။ ဝန်ထမ်းတွေလည်း ပြည်သူတွေဘဲမို့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်အပြည့်ရှိရပါမည်။ မည်သည့်ပါတီအဖွဲ့အစည်းထဲသို့ဝင်ဝင် ပိတ်ပင်တားမြစ်ခြင်း မပြုလုပ်သင့်ပါ။ ဒါဟာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ဒါကြောင့် အဆိုပါပုဒ်မမျိုးကိုလဲ ပယ်ဖျက်သင့်ပါသည်။ ပြီးတော့ ဒီကနေ့ အလွန်ခေတ်စားနေသော ပုဒ်မ၅၉(စ)။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို အဟန့်အတား အကန့်အသတ်ပြုလုပ်ထားသည့် ပြဌာန်းချက်များကြောင့် လူထုက ၅၉(စ)ကို ပယ်ဖျက်ဖို့ နေရာတိုင်းမှာ တောင်းဆိုဆန္ဒထုတ်ဖော်နေကြသည်။  ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်သည့်စိတ်က အထွတ်အထိပ်ကိုရောက်နေသည်။ နောက်တစ်ချက်ကတော့ အားလုံးသိတဲ့အတိုင်း လွှတ်တော်အရပ်ရပ်မှာ ရွေးကောက်ခံမဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း ပါဝင်နေတာကို သဘောမကျနိုင်တဲ့အချက်ဘဲဖြစ်သည်။ ယခု ကျွန်တော်တင်ပြတဲ့ အချက်တွေဟာ လူထုကြားမှာ ရေပန်းစားနေတဲ့အချက်တွေဘဲဖြစ်သည်။ ဒီထက်မက အရေးကြီးတဲ့အချက်တွေလည်း ရှိပါသေးသည်။ ထိုအချက်တွေအားလုံးကို ပြင်ဆင်ဖို့ဆိုရင် သေတ္တာထဲကသော့ကို အရင်နှိုက်ထုတ်ပြီးမှသာ ပြင်ဆင်နိုင်လိမ့်မည်ဖြစ်သည်။ ပုဒ်မ(၄၃၆)ကိုပြင်မှသာ တခြားပုဒ်မတွေကို ပြင်ဖို့ လွယ်ကူသွားမှာဖြစ်သည်။
ထို့ကြောင့် ၂၀၀၈အခြေခံဥပဒေကို ပြင်ဆင်ဖို့ ယင်းအခြေခံဥပဒေအာဏာသက်ဝင်ရာမှ ပေါ်ပေါက်လာခဲ့သော လွှတ်တော်နှင့် အစိုးရလက်ထက်တွင် ပြုလုပ်ဆောင်ရွက်မည်ဆိုပါက ယင်းအခြေခံဥပဒေပါ အခန်း(၁၂) ပုဒ်မ ၄၃၆ အတိုင်းသာ ပြင်ဆင်နိုင်မှာဖြစ်သည်။ ထိုအတိုင်းပြင်ဆင်နိုင်ဖို့ ပြည်သူ့အင်အားတွေ မရှိမဖြစ်လိုသည်။ ပြည်သူတွေပြောပြောနေတဲ့ ကျုပ်တို့ကဘယ်နေရာကပါရမှာလဲ၊ ဘာလုပ်ရမှာလဲဆိုတဲ့ မေးခွန်းတွေကို ကျွန်တော်ကတော့ အခုလိုဖြေပေးချင်ပါသည်။ ပြည်သူတွေအနေနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်ပေးပြီး လွှတ်တော်ကို တွန်းအားပေးရမည်။ မသိနားမလည်သေးတဲ့ ပြည်သူတွေကို သိနားလည်ပြီးသားပြည်သူတွေက အချင်းချင်း အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သဘောပေါက်နားလည်အောင် ရှင်းပြရမည်။ စည်းရုံးရမည်။ ဟောပြောပွဲတွေပြုလုပ်ပေးရမည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်တဲ့အခါ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အိမ်ထဲကထွက်ပြီး ထောက်ခံဆန္ဒမဲပေးနိုင်အောင် ယခုကတည်းက စတင်ပြီး နိုးကြားတက်ကြွနေဖို့လိုပါသည်။
အချုပ်ဆိုရသော် တစ်ချိန်ကဥပဒေပညာရှင်ကြီးတစ်ချို့၊ တတ်သိပညာရှင်ကြီးတစ်ချို့ ရွှေဥာဏ်တော် စူးရောက်ပြီး ရုပ်သေးရုပ်လေးတွေလိုဘဝနဲ့ ကြိုးဆွဲတဲ့သူခိုင်းသမျှ၊ ပြောသမျှ၊ ဖြစ်စေချင်သမျှကို စိတ်တိုင်းကျ မဖြစ်မနေ၊ မရမက ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကို ပြင်ဆင်ချင်သပဆိုရင် အရေးအကြီးဆုံးသော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်ရေးသည် အဓိကကျပါသည်။ ထိုကဲ့သို့ပြင်ဆင်မည် ဆိုလျှင်လည်း ပုဒ်မ ၄၃၆ မှာပါတဲ့အတိုင်း တစ်သွေဝေမတိမ်း လိုက်နာကြရဦးမှာလဲဖြစ်သည်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ပေးပါသည်ဟု အသံကောင်းဟစ်ပြီး ပြည်သူတွေပြင်ဆင်ချင်သည့် ပုဒ်မတွေ မပြင်ဘဲကျန်နေရစ်ခဲ့မှာကို သတိထားလေ့လာစောင့်ကြည့်ကြရပါမည်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်၌ ကိုယ်စားလှယ်(၃၁)ဦးပါဝင်သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပြီး တာဝန်ပေးထားသည်။ ထိုကော်မတီက ဥပဒေမူကြမ်းတစ်စောင်ရေးဆွဲပြီး လွှတ်တော်ကိုယ်စားလှယ် ၂၀ရာခိုင်နှုန်းက တင်ပြလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးပါလိမ့်မည်။ ဒါကြောင့် (၃၁)ဦးကော်မတီဝင် ပြည်သူ့ကိုယ်စားလှယ်များသည် တစ်ချိန်က ၂၀၀၈အခြေခံဥပဒေကို ၁၅နှစ်ကြာ ရေးဆွဲခဲ့တဲ့ ပညာရှင်များလို ပညာရှိသတိဖြစ်ခဲတွေမဖြစ်ဖို့၊ ကိုယ့်ပညာရွှေအိုးကို လူအခိုးမခံရစေဖို့ သတိချပ်စေချင်ပါသည်။ ဥပဒေမူကြမ်းထဲတွင် ပုဒ်မ(၄၃၆)(က)အရ ကန့်သတ်ထားသည့် ပုဒ်မပေါင်း (၉၅)မျိုးထဲက ပြည်သူတွေလိုလားသည့် အရေးကြီးအချက်တွေ ပါဝင်အောင် ရေးဆွဲစေချင်ပါသည်။ ပြည်သူတွေ ခဲလေသမျှ…သဲရေကျမဖြစ်ဖို့ အတွက်မေတ္တာရပ်ခံချင်ပါသည်။ ဒီမိုကရေစီနိုင်ငံသစ်ကြီးဆီ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့ တိုင်းရင်းသာညီအစ်ကိုမောင်နှမ မြန်မာပြည်သူပြည်သားအားလုံးအတွက် ဘယ်သူတွေတရားပျက်ခဲ့ပျက်ခဲ့ ကိုယ်မပျက်ကြဘဲ တိုင်းပြည်မျက်နှာ၊ ပြည်သူ့မျက်နှာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းမျက်နှာ၊ ဗိုလ်ချုပ်အောင်ဆန်းမျက်နှာတို့ကိုထောက်ပြီး သမိုင်းဝင် မော်ကွန်းသစ်ထိုးနိုင်တဲ့ အများလေးစားလောက်သော အခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။  
ဝေဖြိုးဟန်(အင်းစိန်)

No comments:

Post a Comment